၁၁.၁၁.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံမှာ တပ်မတော်က နိုင်ငံရဲ့ အာဏာကို ၂၀၂၁ ခုနှစ်မှာ ထိန်းသိမ်းခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ်မှာတော့ နိုင်ငံရဲ့ လမ်းတွေပေါ်မှာ စုဝေးနေတဲ့ လူစုလူဝေးကြီးတွေ ပြန်လည်ရောက်ရှိလာကြပြီး လှုပ်ရှား သွားလာနေတာကို နိုင်ငံအနှံ့ နေရာ တော်တော်များများမှာပဲ တွေ့နေရပါတယ်။

ဒါပေမယ့် ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကလို အော်ဟစ်ဆူပူဆန္ဒပြကြတာ မဟုတ်တော့ပါဘူး။
ဒီနှစ်မှာဆိုရင် ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ အရှေ့တောင်အာရှဒေသက မြန်မာနိုင်ငံမှာ ပြည်သူတွေက နိုင်ငံတစ်ဝန်း ညဈေးပွဲတွေနဲ့ ဘုရားပုထိုးတွေမှာ ရိုးရာပွဲတော်တွေကို ကျင်းပရင်း ပိုမိုစည်ကားစွာ စုဝေးလာကြတာကို တွေ့နေရပါတယ်။ ဒါက မြန်မာ့တပ်မတော်အနေနဲ့ အာဏာထိန်းသိမ်းမှုပြုပြီးနောက် ငါးနှစ်နီးပါးအကြာမှာပြည်သူတို့ရဲ့ဘဝက ငြိမ်းချမ်းစွာ ပြန်လည်နိုးကြားလာမှုကို အမှတ်အသားပြုတာပဲလို့ ဆိုရတော့မှာပါ။

ပျော်ရွှင်စွာကခုန်နေကြသူတွေ၊ မိသားစုတွေ၊ မိုးပျံပူဖောင်း ထွန်းညှိနေကြသူတွေနဲ့ ဆင်စီးနေကြသူတွေ လမ်းတွေပေါ်မှာ ပြန်လည်ရောက်ရှိလာကြတာလည်း ပြည်သူတွေအဖို့ သူတို့ရဲ့ ဘဝမှာ အမြဲတမ်း သတိထား နေထိုင်နေကြရတဲ့အဖြစ်ကနေ အများပြည်သူနေရာတွေကိုတောင် ပြန်လည်သွားလာလှုပ်ရှားလာနိုင်ကြတာကို ပြသတဲ့လက္ခဏာတွေပဲလို့ ဆိုရမှာပါ။

နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာဆိုရင် မကျင်းပဖြစ်၊ မတွေ့ဖြစ်တာ နှစ်အတန်ကြာပြီဖြစ်တဲ့ မြန်မာတို့ရဲ့ မီးထွန်းပွဲတော်ဆိုရမယ့် တန်ဆောင်တိုင်ပွဲတော်အခမ်းအနားတွေကို မြို့နယ်၊ရပ်ကွက် တော်တော်များများမှာ စည်ကားစွာကျင်းပနေကြပါတယ်။ ဒီပွဲတော်အခမ်းအနားတွေက မြို့နေ မိသားစုတွေကို လူအများစုဝေးရာနေရာတွေဆီကို တဖန်ပြန်လည်ဆွဲဆောင် ခေါ်ယူခဲ့တာပါပဲ။

တန်ဆောင်တိုင်ပွဲတော် ဆိုတာက ဗုဒ္ဓဘာသာဝင်တို့အဖို့တော့ ဘုရားအမှူးပြုတဲ့ ရဟန်းသံဃာတွေကို သင်္ကန်းကပ်လှူရာသီရဲ့ အစဖြစ်ပါတယ်။ မိုးပျံပူဖောင်းတွေ လေထဲကို လွှတ်တင်ပြီးအလင်းရောင်ဖြစ်စေခြင်းဖြင့်လည်း စိုးရိမ်ပူပန်မှု တွေနဲ့ ဆန္ဒတွေကို နိဗ္ဗာန်ဆီသို့ ပင့်မဖော်ပြတာကို ကိုယ်စားပြုတဲ့ အချိန်လို့ဆိုရမှာပါ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးနားမှာကို တန်ဆောင်တိုင်ပွဲတော်အခမ်းအနားနဲ့ ဈေးရောင်းပွဲတွေကို အစိုးရက ဦးဆောင်ကျင်းပပေးခဲ့တာပါ။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်အတွင်းမှာဆိုရင်လည်း မီးအိမ်ငယ်တွေ တပ်ဆင်ထားတဲ့ မိုးပျံပူဖောင်းကို လွှတ်တင်ဖို့ ပြင်ဆင်နေတုန်းမှာ ပါဝင်သူတွေက ကခုန်နေကြတာ ပျော်ရွှင်ဖွယ်တွေ့ရပါတယ်။

ပွဲတော်လာ ဂီတပညာရှင်တစ်ဦးက “ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီလိုပွဲတော်တွေလည်းကျင်းပဖို့ စီစဉ်ထားပါသေးတယ်။ အမှန်တကယ်ပျော်ရွှင်မှုနဲ့ စိတ်အပန်းဖြေမှုကြားမှာ ကွာခြားချက်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့လည်း ၂၀၂၅ ခုနှစ်ကုန်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားတာဖြစ်လို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်လိုမျိုး ပွဲတော်တွေကလည်း နိုင်ငံရဲ့အခြေအနေက ပုံမှန်ပြန်ဖြစ်လာနေပြီဆိုတဲ့ သက်သေအဖြစ် သရုပ်ဖော်တာပဲလို့ဆိုရမှာပါ။

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တစ်နိုင်ငံလုံးက လမ်းတွေပေါ်မှာလူအုပ်ကြီးတွေ ပြည့်နှက်နေခဲ့ပါတယ်။ ဒါပေမယ့် တချို့ကတော့ တပ်မတော်အစိုးရအာဏာထိန်းသိမ်းမှုမတိုင်မီက ကျင်းပတဲ့ ပွဲတော်တွေလောက်တော့ ပြန်လည်စည်ကားကောင်းမွန်မှု မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် ကာလနဲ့ သိသိသာသာ ကွာခြားချက်ကတော့ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ တပ်မတော်ရဲ့ အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်ပြီး ဆူပူဆန္ဒပြသူတွေနဲ့ ပြည့်နှက်နေချိန်မဟုတ်တော့ဘဲ တစ်ချိန်က အစိုးရကိုဆန့်ကျင်မှုရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ လူစုလူဝေး ဆူပူဆန္ဒပြပွဲတွေက လုံးဝ ပျောက်ကွယ်သွားခဲ့တာပါပဲ။
ဒီပွဲတော်တွေမှာ ပျော်ရွှင်ကြည်နူးနေကြသူတွေတွေ့ရမှာဖြစ်သလို နေ့စဉ်ရှင်သန်ရပ်တည်ရေးရဲ့ အတွက် ပွဲတော်တွေအတွင်း စိန်ခေါ်မှုတွေနဲ့ ရုန်းကန်နေသူတွေလည်း တွေ့နိုင်ပါတယ်။

ဒါပေမယ့် ပြည်သူအများက ပွဲတော်တွေကို တည်ငြိမ်အေးချမ်းလာမှုအခြေအနေအရ ပြန်လည်ကျင်းပလာတဲ့ နိုင်ငံရဲ့ အစဉ်အလာပွဲတော်တွေအဖြစ် ရှုမြင်ကြပေမယ့် ဒီပွဲတွေကို အစိုးရက ထိန်းချုပ်ထားပြီး တပ်မတော်အစိုးရအုပ်ချုပ်ရေးအောက်မှာ ပုံမှန်အခြေအနေရှိတယ်လို့ ပြသဖို့ နည်းလမ်းတစ်ခုအဖြစ်ကျင်းပတာလို့ ရှုမြင်ကြသူတွေလည်း ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ခုလိုရိုးရာဓလေ့အခမ်းအနားတွေနဲ့ ပြန်လည် အသက်ဝင်လာတာကို ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတိုင်းက ကြိုဆိုနေကြမှာပါ။
Ref- CNA
