၁၀.၁၁.၂၀၂၅
Translated by Howe Ko Tun
အီကွေဒေါနိုင်ငံရဲ့ အကျဉ်းထောင်တစ်ခုအတွင်း နိုဝင်ဘာလ ၉ ရက်မွန်းလွဲပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချမှုနဲ့ အသက်ရှုကျပ်ကာသေဆုံးနေတဲ့ လူ ၂၇ ဦးကို တွေ့ရှိခဲ့ကြရပါတယ်။
အီကွေ့ဒေါနိုင်ငံရဲ့ အနောက်တောင်ဘက်ရှိ ဆိပ်ကမ်းမြို့ ဖြစ်တဲ့ မာချာလာမြို့မှ အဆိုပါအကျဉ်းထောင်မှာ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းကလည်း လက်နက်ကိုင်အကြမ်းဖက်အဓိကရုဏ်းတစ်ရပ် ဖြစ်ပွားခဲ့သေးပြီး အနည်းဆုံး အကျဉ်းသား လေးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ကြပါတယ်။

ထောင်အာဏာပိုင်တွေရဲ့ ကြေညာချက်တစ်စောင်မှာ အီအိုရိုပြည်နယ်ရှိ မာချာလာမြို့ အကျဉ်းထောင်မှာ သေဆုံးနေသူ ၂၇ ဦးဟာ အသက်ရှူကျပ်သေဆုံးမှုကို ဖြစ်စေတဲ့ ကြိုးကွင်းနဲ့ဆိုင်းပြီး သူတို့ကိုယ်သူတို့ သတ်သေမှုကိုကျူးလွန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေက သူတို့အနေနဲ့ အချက်အလက်တွေကို အပြည့်အဝရှင်းလင်းစွာဖော်ပြနိုင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပြီး သတင်းအချက်အလက်တွေကို အတည်ပြုဖို့ မှုခင်းဆေးပညာဝန်ထမ်းတွေ ရောက်ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။
မာချာလာ အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ လူအများအပြားသေစေခဲ့တဲ့ အဓိကရုဏ်းနေ့က အီကွေဒေါနိုင်ငံမှာထောင်မငြိမ်မသက် အရေးအခင်းတွေ နောက်ဆုံးဖြစ်ပွားခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။
အီကွေဒေါထောင်တွေဟာ အကျိုးအမြတ်များတဲ့ တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှုကို ထိန်းချုပ်ဖို့ အပြိုင်အဆိုင်ပြုနေကြတဲ့ ပြိုင်ဘက်အုပ်စုတွေအကြား တိုက်ခိုက်မှုတွေပြုကြရာမှာ အကျဉ်းသား ၅၀၀ ကျော်သေဆုံးခဲ့ရတာနဲ့အတူ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုပြိုင်ဘက်ဂိုဏ်းတွေရဲ့ လုပ်ငန်းလည်ပတ်ရာနေရာတွေ ဖြစ်လာခဲ့ရပါတယ်။


နိုဝင်ဘာလ ၉ ရက်ကလည်း ထောင်အတွင်း ဒေသစံတော်ချိန် နံနက် ၃ နာရီ (08: 00 GMT) ခန့်မှာ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် စဖြစ်ခဲ့တာပါ။ ဒေသခံပြည်သူတွေက အကျဉ်းထောင်ရဲ့ နံရံတွေအတွင်းမှ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေနဲ့ ငိုကြွေးအကူအညီတောင်းခံသံတွေကို ကြားခဲ့ရတယ်လို့ ဆိုကြပါတယ်။
အီကွေဒေါနိုင်ငံ၊ အကျဉ်းထောင်အာဏာပိုင်အဖွဲ SNAI က နံနက်ပိုင်းအကြမ်းဖက်မှုမှာ လူလေးဦး သေဆုံးခဲ့ပြီး အကျဉ်းသား ၃၃ ဦးနဲ့ ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဓိကရုဏ်းဖြစ်ပွားပြီးနောက် အထူးရဲတပ်ဖွဲဝင်တွေက အကျဉ်းထောင်အတွင်း ချက်ချင်းဝင်ရောက်ခဲ့ပြီး အကျဉ်းထောင်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ SNAI က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် သေဆုံးသူတွေရဲ့အမည်တွေကို ဖော်ပြခြင်းမရှိသလို အကြမ်းဖက်မှုက မူးယစ်ဂိုဏ်း အချင်းချင်းတိုက်ခိုက်မှုရဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခုလားဆိုတာကို အတည်ပြုခြင်းမရှိခဲ့ပါဘူး။
နိုဝင်ဘာလမှာဖွင့်လှစ်ဖို့စီစဉ်ထားတဲ့ တခြားပြည်နယ်တစ်ခုရှိ သမ္မတ ဒန်နီရယ် နိုဘိုအာအစိုးရက တည်ဆောက်တဲ့ လုံခြုံရေးအမြင့်ဆုံးဖြစ်တဲ့ထောင်အသစ်ကို အကျဉ်းသားတချို့ ရွှေ့ပြောင်းဖို့ အစီအစဉ်တွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ယုံကြည်ရပါတယ်။
စက်တင်ဘာလကုန်တုန်းကလည်း မာချာလာမြို့အကျဉ်းထောင်မှာ လက်နက်ကိုင်ပဋိပက္ခတစ်ခုဖြစ်ပွားလို့ အကျဉ်းသား ၁၃ ဦးနဲ့ အကျဉ်းထောင်အရာရှိတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။
Ref- The Korea Times
