သတိုး
၁၀. ၁၁. ၂၀၂၅
မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ ရေကြောင်းနယ်စပ်အနီး၌ အများစုမှာ ဘင်္ဂါလီများဖြစ်ကြသည့် ရွှေ့ပြောင်းအခြေချသူ ဒါဇင်ပေါင်းများစွာ တင်ဆောင်လာသော စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားပြီးနောက် အနည်းဆုံး ၁၃ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ကာ ၁၃ ဦးကိုမူ ကယ်တင်နိုင်ခဲ့သည်ဟု ယနေ့ တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။
မလေးရှားနိုင်ငံပိုင် သတင်းအေဂျင်စီ Bernama အဆိုအရ မလေးရှားအာဏာပိုင်များက ရုပ်အလောင်း ခုနစ်လောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့ပြီး ထိုင်းအရာရှိများက အခြားခြောက်လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
“ရှာဖွေရေးဧရိယာက ရေစီးကြောင်းပုံစံတွေအရ သူတို့တွေ မလေးရှားရေပိုင်နက်ဘက်ကို မျောပါသွားနိုင်တဲ့အတွက် ဒီနေ့မှာ နောက်ထပ် သေဆုံးသူတွေကို ထပ်မံတွေ့ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မလေးရှားရေကြောင်း စောင့်ကြည့်ရေး အေဂျင်စီ (MMEA) ၏ ညွှန်ကြားရေးမှူး၊ First Admiral Romli Mustafa က တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ရေမိုင်စတုရန်း ၂၅၀ ကျော်အထိ တိုးချဲ့ဆောင်ရွက်နေကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ ရွှေ့ပြောင်းအခြေချသူများသည် မြန်မာနိုင်ငံနယ်စပ်မှ လူပေါင်း ၃၀၀ ခန့် တင်ဆောင်လာသည့် သင်္ဘောကြီးတစ်စင်းဖြင့် ထွက်ခွာလာခဲ့ကြပြီး နောက်ပိုင်းတွင် ခရီးသည်များကို စက်လှေငယ် သုံးစီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထိုလှေများအနက် တစ်စီးမှာ နစ်မြုပ်သွားခဲ့ပြီး ကျန်နှစ်စီး၏ ကံကြမ္မာမှာ မသိရသေးကြောင်း တနင်္ဂနွေနေ့က မီဒီယာသတင်းများအရ သိရသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နေထိုင်နေကြသည့် ဘင်္ဂါလီများသည် နိုင်ငံကြီးများသို့ သွားရောက်နေထိုင်နိုင်ရေးအတွက် မကြာခဏ လှေစီးဒုက္ခသည်အဖြစ် စွန့်စားထွက်ပြေးတတ်ကြသလို မြန်မာနယ်စပ်ကို ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA ယာယီစိုးမိုးချိန်မှစ AA က ဘင်္ဂါလီများထံမှ ငွေကြေးရယူကာ လူကုန်ကူးသည့်အသွင်အဖြစ်လည်း ဘင်္ဂါလီများကို လှေစီးဒုက္ခသည်များအဖြစ် ပြည်ပသို့ ပိုမိုထွက်ပြေးခွင့်ပြုနေသည်ကိုလည်း ဘင်္ဂလားဒေ့ရှ်သတင်းများတွင် မကြာခဏ ဖော်ပြနေသည်။
Ref : Anadolu Ajansı
