၁၀. ၁၁. ၂၀၂၅
Translated by Thettant
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်အတွက် စိတ်ပျက်စရာ ကိစ္စရပ်တစ်ခုအဖြစ် ၎င်းကိုယ်တိုင် ဦးဆောင်ပြုလုပ်ပေးခဲ့သည့် ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီချက်သည် ယနေ့တွင် ထိုင်းနယ်စပ်အနီး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ပြန်လည်ဖြစ်ပွားလာပြီးနောက် ရပ်ဆိုင်းလိုက်ရပြီဖြစ်သည်။
AFP သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံက အမေရိကန်သမ္မတ၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သော ကမ္ဘောဒီးယားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်မှုအား တနင်္လာနေ့တွင် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ယင်းကြေညာချက်သည် အငြင်းပွားနေသည့် နှစ်နိုင်ငံနယ်စပ်ဒေသတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လက ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် နယ်စပ်တွင် စစ်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးတွင် လူ ၄၃ ဦး သေဆုံးပြီး ၃၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ ယင်းတိုက်ပွဲသည် လပေါင်းများစွာကြာ တင်းမာမှုများနောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝေဟင်မှ တိုက်ခိုက်မှုများ၊ ဒုံးကျည်များ၊ အမြောက်များနှင့် မြေပြင်တိုက်ခိုက်မှုများ ပါဝင်ခဲ့သည်။
ပြီးခဲ့သည့်လက ထရမ့်ပ်သည် ထိုင်းနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များကို စုစည်းပေးခဲ့ပြီး မလေးရှားနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ဦးဆောင်ခဲ့သည်။ ၎င်းက ယင်းအား နိုင်ငံတကာဆက်ဆံရေးအရ အရေးပါသော အောင်မြင်မှုအဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ယာယီရပ်ဆိုင်းထားသည့် ယင်းသဘောတူညီချက်သည် အကောင်အထည်ဖော်မှု ရပ်ဆိုင်းထားပြီး မတည်မြဲတော့မည့်အခြေအနေ ဖြစ်ပေါ်နေသည်။
AFP သတင်းအရ ထိုင်းဝန်ကြီးချုပ် အနျူတင် ချာရန်ဗီရာကူလ်က ကြေညာချက်တစ်စောင်တွင် “ကျွန်တော်တို့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု လျော့ပါးသွားပြီလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ လျော့ကျသွားခြင်း မရှိသေးပါဘူး” ဟု ပြောကြားခဲ့သည်။ ထို့အပြင် တော်ဝင်ထိုင်းစစ်တပ်က စစ်သားတစ်ဦးသည် ယနေ့တွင် စစ္စကက်ပြည်နယ်ရှိ မိုင်းပေါက်ကွဲမှုအတွင်း ခြေထောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ယင်းအပြင် ထိုင်းအစိုးရက “ပူးတွဲကြေညာချက်ကို ဆက်လက်အကောင်အထည်ဖော်ခြင်း” ကို ရပ်ဆိုင်းတော့မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ ယင်းသဘောတူညီချက်အရ နောက်တစ်ဆင့်တွင် ထိုင်းနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးရန် ပါဝင်ပြီး၊ ယခုအခါ ယင်းလုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းထားသည်။

ကမ္ဘောဒီးယားဘက်မှမူ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရမှုအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးအပေါ် “မယိမ်းမယိုင် ကတိကဝတ်ပြုထားကြောင်း” ယနေ့တွင် ပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာကြာအောင် ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးသည် အငြင်းပွားနေသော နယ်စပ်ကြောင့် တင်းမာနေခဲ့သည်။ နှစ်နိုင်ငံသည် ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအို သုံးနိုင်ငံ နယ်နိမိတ် ဆုံမှတ်ဒေသကို ‘မြတြိဂံ’ (Emerald Triangle) ဟု ခေါ်ဆိုရာတွင် ဆယ်စုနှစ်များစွာကြာ နယ်မြေ အငြင်းပွားနေခဲ့ကြသည်။ ယင်းနေရာတွင် ပါဝင်သည့် ပရာဆတ် တာ မူရန် သွမ် (Prasat Ta Muen Thom) ဘုရားကျောင်းကဲ့သို့သော မဟာဗျူဟာမြောက်နှင့် ရှေးဟောင်းအမွေအနှစ်တန်ဖိုးမြင့်မားသည့် ယဉ်ကျေးမှုဆိုင်ရာ နေရာများစွာကို ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်ဖက်စလုံးက ပိုင်ဆိုင်ကြောင်း တောင်းဆိုနေကြသည်။ ဇူလိုင်လအတွင်း ပိုမိုကြီးမားသော ပဋိပက္ခမဖြစ်ပွားမီ မေလအတွင်းကလည်း ယင်းဘုရားကျောင်းအနီးတွင် နှစ်ဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးသည်။
Ref: First Post
