သက်တန့်
၇. ၁၁. ၂၀၂၅
ထိုင်းနိုင်ငံမှာ ဒီနေ့ည ကျင်းပနေတဲ့ ONE Friday Fights 132 ပွဲစဉ်မှာ မြန်မာ့ဖိုက်တာ စိုးနောင်ဦး နဲ့ ထိုင်းဖိုက်တာ Maisangngern၊ ရှုံးပွဲဆက်နေတဲ့ မြန်မာ့ဖိုက်တာ သန့်ဇင်နဲ့ ထိုင်းဖိုက်တာ Khunponnoi တို့ပွဲအပြင် ဒုခေါင်ပွဲမှာ မြန်မာ့ကြယ်ပွင့် ကယန်းကျားသစ်မယ် ဘရော်နီကာနဲ့ တရုတ်ချန်ပီယံ Li Mingrui တို့ရဲ့ ပွဲစဥ်တွေ ပါဝင်ခဲ့ရာမှာ စိုးနောင်ဦးက အဖွင့်ပွဲမှာ ထိုင်းဖိုက်တာ မိုင်ဆန်းငန်းကို ဒိုင်အဆုံးအဖြတ်နဲ့ နိုင်သွားခဲ့ပါတယ်။
စိုးနောင်ဦးက သန့်ဇင်နဲ့ အရပ်ကလွဲရင် ရုပ်ရည်၊ ဘော်ဒီ ပုံစံတူပြီး မတူတာက ခံနိုင်ရည်နဲ့ ဇပါ။ တစ်ဖက်က ထိုင်းဖိုက်တာ မိုင်ဆန်းငန်းဟာ စိုးနောင်ဦးနဲ့ ဘော်ဒီ၊ အရပ်၊ ဝိတ်တူပြီး မတူတာက ထိုင်းနိုင်ငံသားဖြစ်နေတာနဲ့ One ထိုးပွဲ လေးပွဲမှာ သူက One က ချန်ပီယံ ဂျော်နသန် ဟတ်ဂါတီရဲ့ညီ ဖရက်ဒီဟတ်ဂါတီကိုပဲ ရှုံးထားပြီး သုံးပွဲနိုင်ထားတဲ့ လက်စလက်နကောင်းသူဖြစ်ပြီး စိုးနောင်ဦးကတော့ အဖွင့်ပွဲမှာ ဟာလာဘီကို ရှုံးထားတာပါ။
One မှာက သိတဲ့အတိုင်း အလဲမထိုးနိုင်ရင် ထိုင်းဖိုက်တာ အနိုင်ဖြစ်ပြီး ဒီလိုပွဲမျိုးမှာ ထိုင်းဖိုက်တာ မိုင်ဆန်းငန်းကို စိုးနောင်ဦးက ဒုတိယအချီနဲ့ တတိယအချီမှာ Knockdown ကျအောင်၊ ကွဲပြဲသွားအောင်၊ အမှတ်စဥ်တစ်ကြိမ် အရေခံရအောင် လှလှပပ အကွက်စုံစုံနဲ့ အနိုင်ရအောင်ထိုးပြသွားတာ၊ ပထမအကြိမ် အားနည်းချက်တွေ ပြင်ဆင်သွားတာ အရမ်းလှပကောင်းမွန်ပြီး ကိုယ့်ထက်ပိုသာတယ်လို့ ထိုင်းနဲ့ လောင်းကစားဒိုင်တွေလက်ခံထားတဲ့ မိုင်ဆန်းငန်းကို အလဲထိုးလုနီးပါးထိုးပြသွားတာ အင်မတန်မှ အားရစရာပါ။

ဒါပေမဲ့ အလဲမထိုးနိုင်လို့ ဆုကြေး ဘတ် ၃၅၀၀၀၀ နစ်နာရသလို မြန်မာပရိသတ်တွေကလည်း အသည်းပါးတဲ့ သန့်ဇင်၊ ရှုံးပွဲဆက်နေတဲ့အပြင် ပြိုင်ဘက်ကလည်း မာလှတဲ့ မြန်မာဖိုက်တာ ဆွန်ရက်၊ မိုးထက်အောင်တို့ကို အလဲထိုးထားတာမို့ ဒီပွဲက နောက်ဆုံးလည်းဖြစ်သွားနိုင်တာမို့ သန့်ဇင်ကို နိုင်စေချင်တာမို့ စိုးနောင်ဦးရဲ့ သာမန်နိုင်ပွဲထက် အသည်းပါးတဲ့ သန့်ဇင်ရလဒ်ကို ပိုသိချင်နေကြတာမို့ ခဏနေမှ သန့်ဇင်ရလဒ်နဲ့ ပြန်လာပါဦးမယ်။
