၇. ၁၁. ၂၀၂၅
Translated by Thettant
ထိုင်းအမျိုးသမီးတစ်ဦးသည် ၎င်း၏ ချစ်သူအမျိုးသားကို နှာခေါင်းအသားပို ဖယ်ရှား ကုသမှု ခံယူပြီးနောက် မျက်စိကွယ်သွားစေခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏အလယ်ပိုင်းပြည်နယ် စမွတ်စခွန်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုကို ပြစ်တင်ရှုတ်ချခဲ့သည်ဟု ထိုင်းသတင်းဌာနဖြစ်သော The Thaiger က ယနေ့ ရေးသားဖော်ပြခဲ့သည်။
ပလွိုင် (Ploy) ဟုသာ အမည်ဖော်ပြထားသော အမျိုးသမီးက အဆိုပါ ဆေးဘက်ဆိုင်ရာ မတော်တဆမှုအသေးစိတ်ကို ဝေမျှရန် လူမှုကွန်ရက်အသိုင်းအဝိုင်းတစ်ခုတွင် ရေးသားခဲ့မှုတွင် သူမ ချစ်သူ၏ မျက်လုံးနှင့် နှာခေါင်းဒဏ်ရာများကို ပြသသည့် ဓာတ်ပုံများကို ထည့်သွင်းဖော်ပြခဲ့ပြီး၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် နှာခေါင်း အသားပို ဖယ်ရှားရန် ခွဲစိတ်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပလွိုင်၏ ပြောကြားချက်အရ သူမ၏ ချစ်သူသည် လူမှုဖူလုံရေးရန်ပုံငွေ (Social Security Fund) အောက်မှ ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။ ဆရာဝန်သည် အသားပိုများကို ဖယ်ရှားရန် ခွဲစိတ်မှု ပြုလုပ်ရန် အကြံပြုခဲ့ပြီး တရားဝင် သဘောတူခွင့်ပြုချက်ပုံစံ မရှိဘဲ သို့မဟုတ် လူနာ၏ မိသားစုအား ကြိုတင် အသိပေးခြင်းမရှိဘဲ ခွဲစိတ်မှုကို ချက်ချင်း ဆက်လက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
ခွဲစိတ်ပြီးနောက်တစ်နေ့တွင် ပလွိုင်၏ ချစ်သူသည် မျက်နှာအတွင်းပိုင်းသွေးထွက်ခြင်းကြောင့် မျက်လုံးဖွင့်နိုင်ခြင်းမရှိခဲ့ပေ။ ဆရာဝန်သည် ဒုတိယနေ့အထိ အခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ ထိုနေ့တွင်မှ ဆေးရုံ၏ဆေးအဖွဲ့က သူမ၏ချစ်သူသည် အမြင်အာရုံ ဆုံးရှုံးသွားနိုင်သည်ဟု အသိပေးခဲ့သည်ဟု ရေးသားထားသည်။
ထို့နောက် လူနာကို နောက်ထပ်ကုသမှုများအတွက် ဘန်ကောက်ရှိ ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ ပေးခဲ့သည်။ ထိုဆေးရုံသို့အရောက်တွင် ဆရာဝန်များက လူနာအမျိုးသား၏ အမြင်အာရုံကြောများ လုံးဝပြတ်တောက်သွားကြောင်း စုံတွဲအား ပြောကြားခဲ့သည်။
နောက်ပိုင်းတွင် ၎င်းအား တတိယဆေးရုံသို့ ထပ်မံရွှေ့ပြောင်းခဲ့ရာ၊ ထိုနေရာမှ အခြားဆရာဝန်တစ်ဦးက နှာခေါင်းအသားပိုများကို လေဆာဖြင့် ဖယ်ရှားနိုင်ကြောင်း ပြောကြားခဲ့ပြီး ခွဲစိတ်ရန် မလိုအပ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။ ထိုဆရာဝန်ကပင် အစပိုင်း ကုသမှုပြုကာ မျက်စိနှစ်လုံးအလင်းကွယ်စေခဲ့သည့် စမွတ်စခွန်ပြည်နယ်ရှိ ဆေးရုံသို့ ဆက်သွယ်ကာ ခွဲစိတ်မှုအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စအတွက် ရှင်းလင်းချက် တောင်းဆိုရန် စုံတွဲအား တိုက်တွန်းခဲ့သည်။

ပလွိုင်က သူမ၏ချစ်သူ မျက်စိကွယ်ရခြင်း၏ အကြောင်းရင်းကို ဆေးရုံမှ ရှင်းလင်းစွာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း နှင့် ဆေးအဖွဲ့သည် အဆိုပါ ဖြစ်စဉ်အတွက် တာဝန်ယူရမည်ကို လက်မခံသေးကြောင်း ပြောကြားခဲ့သည်။
ပလွိုင်သည် ဤဇာတ်လမ်းကို အခြားသူများကို သတိပေးချက်အဖြစ် ဝေမျှလိုကြောင်း ပြောကြားပြီး နောက်ထပ်မည်သည့်အဆင့်များ ဆက်လက်လုပ်ဆောင်သင့်သည်ကို အင်တာနက်အသုံးပြုသူများထံမှ အကြံဉာဏ် တောင်းခံခဲ့သည်။ မှတ်ချက်ပေးသူ အများအပြားက ပလွိုင်နှင့် သူမ၏ ချစ်သူအား ကြီးလေးသော ဒဏ်ရာရရှိစေသည့် ပေါ့ဆသော လုပ်ရပ်များအတွက် ဆေးရုံနှင့် ခွဲစိတ်ဆရာဝန်ကို တရားစွဲရန် တိုက်တွန်းခဲ့ကြသည်။ အဆိုပါပို့စ် ပျံ့နှံ့သွားပြီးနောက် ဆေးရုံမှ ဆက်သွယ်လာပြီး နောက်ဆက်တွဲ ကုသမှုအတွက် တာဝန်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
သို့သော်လည်း ပလွိုင်နှင့် သူမ၏ မိသားစုက ဆေးရုံနှင့် ဆရာဝန်တို့သည် ၎င်းတို့၏ အမှားကို ဝန်ခံရန်နှင့် တရားမျှတသော လျော်ကြေးပေးရန် လိုလားကြောင်း ပြောကြားခဲ့သည်။
သို့သော် ယခုအချိန်အထိ ဆေးရုံမှ အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ကြေညာချက် သို့မဟုတ် ရှင်းလင်းချက် ထုတ်ပြန်ခြင်းမရှိသေးပေ။
Ref : The Thaiger
