◾️ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေပြီး ရွေးကောက်ပွဲအောင်မြင်ရန်မှာ ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်းပါ ပြောကြား
၇.၁၁. ၂၀၂၅
Written by Nyein Kyaw
ကရင်ပြည်နယ်ဒေသတချို့တွင် ယခုအချိန် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခခံစားနေရသည်မှာ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်၍ အမှန်ကိုအမှန်အတိုင်းရှုမြင်ပြီး အေးချမ်းတည်ငြိမ်ရေးကို အလေးထား ဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။
ကရင်ပြည်နယ်ကို မွေးဖွားသန့်စင်ခဲ့သည့်နေ့ ရာသီအချိန်အခါအရ ဆောင်းဦးကာလ၊ သာယာသည့်အချိန်အဖြစ် သတ်မှတ်ကာ ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်မှစတင်၍ ကရင်ပြည်နယ်နေ့ကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ဂုဏ်ယူကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်(၇၀)ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှု အမွေဆိုးကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ကရင် ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သည်မှာ ယခုတိုင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ယာယီသမ္မတက ပြောကြားသည်။
သို့သော်လည်း ၂၀၂၀ ပြည့်နှစ် မဲမသမာမှုများကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် အမှန်တရားကို မျက်ကွယ်ပြု၍ အကြမ်းဖက်မှုများတိုးမြှင့်လုပ်ဆောင်လာခဲ့ကြသည်မှာ ကရင်ပြည်နယ်အပါအဝင် ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် ယခင်က တည်ငြိမ်အေးချမ်းမှုရှိခဲ့ပြီး တိုင်းရင်းသားပြည်သူများ အေးချမ်းလွတ်လပ်စွာသွားလာနေထိုင်ခဲ့သည့် ကရင်ပြည်နယ်ဒေသအချို့မှာ ယခုအခါ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခခံစားနေရသည်မှာ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ကြောင်း၊ ထို့ကြောင့် အမှန်ကို အမှန်အတိုင်းရှုမြင်ပြီး ပြည်နယ်အေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရန် အချိန်အခါဖြစ်ကြောင်း သက်ဆိုင်သူများအား အသိပေးပြောကြားလိုကြောင်း ဖော်ပြထားသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် “ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” ဟူသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များနှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၅/၂၀၂၅)ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ်(၁၀၂) မြို့နယ်၌ စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ်(၁၀၀)မြို့နယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကာ ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာပြီးဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရွေးကောက်ပွဲအောင်မြင်ရန်မှာ ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
