၆.၁၁.၂၀၂၅
Written by Nay Yaung Lin
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နိုဝင်ဘာ ၆ ရက်၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ One Stop Service ဖြင့် ဆောင်ရွက်နေမှုများသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ထို့သို့ ကြည့်ရှုရာတွင် ကန်ကြီးထောင့်မြို့နယ် လဝကဝန်ထမ်းများအား လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့်ဆောင်ရွက်ပေးနေမှုလုပ်ငန်းစဉ်များကိုပါ ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ စီမံချက်လုပ်ငန်းစဥ်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေနှင့်တာဝန်ရှိသူများလည်း လိုက်ပါခဲ့ကြောင်း သိရသည်။





အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့သည့်အပြင် ဝန်ထမ်းများက ဒေသခံပြည်သူများအားလုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုများကိုလည်း လိုအပ်သည်များ မေးမြန်းခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကိုပါ ကြည့်ရှုခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများစုပေါင်း၍ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးခန်းများအခြေအနေနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေး မှတ်တမ်းများ စနစ်တကျထိန်းသိမ်း ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ကျရာကဏ္ဍ အသီးသီးမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
