နေမိုး
၆ . ၁၁. ၂၀၂၅
တန်ဆောင်တိုင်ည ကြက်ခိုးသူကို ဖမ်းဆီးရိုက်နှက်ရာမှ သေဆုံးသွားသဖြင့် ရိုက်နှက်သူဟုဆိုသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်းသားအဖအား လူသတ်မှုဖြင့် ဖမ်းဆီးထားသည်ဟု ဒေသတွင်းသတင်းဖော်ပြမှုများအရ သိရသည်။


လူမှုကွန်ရက်တွင် ပျံ့နှံ့ဖော်ပြနေသည့် သတင်းများအရ ရှမ်းပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) အမှတ် (၁) မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးဆိုသူနှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုးဆိုသူတို့က တန်ဆောင်တိုင်ညဦးပိုင်းတွင် ကြက်ခိုးသူအိမ်နီးချင်းကို ရိုက်နှက်ခဲ့ကြကြောင်း ဖော်ပြနေသည်။
ဖြစ်စဉ်အရ တန်ဆောင်တိုင်လပြည့်ည နိုဝင်ဘာ ၄ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် အေးသာယာမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၂)၊ အကွက်ကြီး (၈၀)၊ အိမ်အမှတ်(၄၂) နေအိမ်ရှေ့လမ်းမပေါ်တွင် ကြက်ခိုးရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ တာဝန်ရှိသူများနှင့် သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ လောတာ (ခ)စိုင်းထွန်းဆာသည် PPP ပါတီ၏ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီး နေအိမ်ရှေ့ ကွန်ကရစ်ခင်းထားသည့် ရေမြောင်းပေါ် ပက်လက်အနေအထားနှင့် နဖူးပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့် လဲကျသေဆုံး နေကြောင်း တွေ့ရှိခဲ့ရသည်။


သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ လောတာ(ခ)စိုင်းထွန်းဆာသည် ခြံချင်းကပ် ဦးစိုင်းရွှေထီးနေအိမ်ရှိ မန်ကျည်းပင်ပေါ်၌ အိပ်တန်းဝင်နေသည့် ကြက်များအားခိုးယူစဉ် ဦးစိုင်းရွှေထီးနှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ သိရှိသွားသဖြင့် အပြန်အလှန်စကားများကြရာမှ ရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လောတာ(ခ)စိုင်းထွန်းဆာအား သေဆုံးအောင် တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ကြသူများဖြစ်ကြသည့် အိမ်အမှတ်(၈၀)၊ အကွက်ကြီး(၄၂)၊ နယ်မြေ(၂)၊ ရပ်ကွက်(၁)၊ အေးသာယာမြို့နေသူ ဦးစိုင်းရွှေထီး၊ အသက် ၅၈ နှစ်နှင့် သားဖြစ်သူ စိုင်းကျော်စိုးမိုး၊ အသက် ၃၄ နှစ်တို့အား (ပ) ၁၃၇/၂၀၂၅ ပုဒ်မ – ၃၀၂/၁၁၄ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးထားကြောင်း News of Myanmar က ဖော်ပြမှုအရ သိရသည်။
ယနေ့နံနက်ပိုင်းမှ စတင်ပျံ့နှံ့လာသည့် အဆိုပါဖြစ်စဉ်အပေါ် ပြည်သူ့ရှေ့ဆောင်ပါတီက မှားကြောင်း၊ မှန်ကြောင်း ဖြေရှင်းမထားဘဲ ယမန်နေ့ညနေပိုင်းက ဒေါက်တာသက်သက်ခိုင် မပြောသည့်သတင်းတစ်ပုဒ်ကို သတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ထားမှု အပါအဝင် ပါတီမဲဆွယ်ပို့စ်ငါးခုသာ တင်ထားသည်ကို တွေ့ရသည်။
Photo – Credit
