၆. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာသတင်းမီဒီယာသမားများအတွက် “၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်” မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
“အခု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မြန်မာသတင်းမီဒီယာများအားလုံးအတွက် ဖြန့်ဝေပေးလိုက်တဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ဟာ သတင်းမီဒီယာများအားလုံးအတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေ ရယူရေးသားထုတ်လွှင့်ဖော်ပြကြရာမှာ အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။
အဆိုပါ “၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်” အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ညှိနှိုင်းပေါင်းစပ် ပြင်ဆင်ဖြည့်စွက်ဖန်တီးပြုစုကာ မြန်မာနိုင်ငံပုံနှိပ်သူနှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းက ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါ လမ်းညွှန်စာအုပ်တွင် အဓိကအခန်းကဏ္ဍ ၃ ခုဖြင့် အချက်ပေါင်း ၁၃ ချက်ကို အထူးသိရှိစေရန် စုစည်းပေးထားပြီး နောက်ဆက်တွဲ အခန်းကဏ္ဍ ၂ ခုတွင်မူ တိုင်းနှင့်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်များ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီးတည်ဆဲ နိုင်ငံရေးပါတီများသို့ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြပေးထားသည်။




