၆.၁၁.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ မယ်စကြာ၀ဠာပြိုင်ပွဲမှာ တာဝန်ရှိသူတစ်ဦးက မက္ကဆီကို အလှမယ်ကို လူသိရှင်ကြား ဆူပူကြိမ်းမောင်းခဲ့တဲ့နောက် ပြိုင်ပွဲဝင်အများအပြားက ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ကြတဲ့ဖြစ်ရပ်တစ်ခု နို၀င်ဘာလ ၄ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။
ပြိုင်ပွဲမတိုင်မီအခမ်းအနားတစ်ခုမှာ မယ်စကြဝဠာပွဲစီစဉ်သူဒါရိုက်တာဖြစ်တဲ့ ထိုင်းနိုင်ငံမှ နာဝပ် အစ်ဆာရာ ဂရီဆယ်က မက္ကဆီကိုအလှမယ် ဖာတီမာဘော့ရှ်ကို အိမ်ရှင်နိင်ငံရဲ့ အခန်းကဏ္ဍမြှင့်တင်ပေးတဲ့ပို့စ်တွေ လူမှုကွန်ရက်မှာ မတင်ခဲ့လို့ ပြိုင်ပွဲဝင်များစွာရှေ့မှာ ဝေဖန်ပြောကြားခဲ့တာပါ။
ဖာတီမာဘော့ရှ်က ကန့်ကွက်ခဲ့တဲ့အခါ မစ္စတာနာဝပ်က လုံခြုံရေးကိုခေါ်ပြီး သူမကို ထောက်ခံသူတွေကိုပါ စည်းကမ်းနဲ့မညီညွတ်လို့ ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီနောက် မစ္စဘော့ရှ်ဟာ အခန်းမှထွက်ခွာသွားပြီး အခြားအလှမယ်တချို့ကလည်း သူမနဲ့အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းရပ်တည်ပြီး မတ်တပ်ရပ်ခဲ့ကြပါတယ်။
တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ အဆိုပါဖြစ်ရပ်ကို အွန်လိုင်းဗီဒီယိုမှာကြည့်ရှုသူတွေက တွေ့ခဲ့ကြရပါတယ်။ မယ်စကြဝဠာအဖွဲ့အစည်း (MUO) ကလည်း မစ္စတာနာဝပ်ရဲ့ မကောင်းတဲ့ အပြုအမူကို ရှုတ်ချခဲ့ပြီးနောက်မှာ နာဝပ်က ပြန်လည်တောင်းပန်ခဲ့ပါတယ်။
သူတို့ရဲ့ မိခင်နိုင်ငံတွေက အလှမယ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲအနိုင်ရခဲ့တဲ့ မယ်စကြဝဠာပြိုင်ပွဲဝင်တွေထဲက တချို့ဟာ နိုဝင်ဘာလ ၄ ရက်က ဗီဒီယိုမှာ ပြန်လည်အော်ဟစ်နေပေမယ့် မစ္စတာနာဝပ်က မစ္စဘော့ရှ်ကို ပြစ်တင်ပြောကြားဖို့ အသံမြှင့်ပြီး ပြန်လည်မပြောရန် အကြိမ်ကြိမ်ပြောနေတာကို ကြားနိုင်ပါတယ်။
အလှမယ်အများစုက မစ္စဘော့ရှ်ကို ထောက်ခံမှုပြသဖို့ မတ်တပ်ရပ်နေချိန်မှာ မစ္စတာ နာဝပ်က “တစ်ယောက်ယောက်က ပြိုင်ပွဲကို ဆက်လုပ်ချင်ရင် ထိုင်လိုက်ပါ။ မင်းထွက်သွားရင် ကျန်တဲ့ မိန်းကလေးတွေကဆက်သွားကြလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ အလှမယ်အများစုက မတ်တပ်ရပ်ခဲ့ကြပြီး တံခါးဝဆီ ဦးတည်လျှောက်သွားခဲ့ကြပါတယ်။
ပွဲကထွက်ခွာလာကြပြီးတဲ့နောက်မှာတော့ မစ္စဘော့ရှ်က မစ္စတာနာဝပ်က သူ့ကို အမိုက်မဲဆုံး Dumbhead လို့ ပြောခဲ့ပြီး လေးစားဖွယ်ရာမရှိဘူးလို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် မစ္စတာ နာဝပ်က ဘော့ရှ်အနေနဲ့ ထိခိုက်နစ်နာနိုင်တယ်ဆိုတာ သူက Damage လို့သာပြောခဲ့တာဖြစ်ပြီး အထင်အမြင်လွဲမှားတာဖြစ်တယ်လို့ နောက်ပိုင်း သတင်းစာရှင်းပွဲတစ်ရပ်မှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် နာဝပ်က လူမှုကွန်ရက် ဗီဒီယိုမှကြေညာချက်ထုတ်ပြန်ခဲ့ရာမှာတော့“ဒီဖြစ်ရပ်အတွက် အဆင်မပြေ၊ ဆိုးဝါးစွာ ခံစားသက်ရောက်မှုရှိသူတိုင်းကို တောင်းပန်ပါတယ်။ အထူးသဖြင့် တက်ရောက်လာတဲ့ မိန်းကလေးငယ် ၇၅ ယောက်လောက်ကို တောင်းပန်ပါတယ်” လို့ ပြောခဲ့ပါတယ်။
နိုဝင်ဘာလ ၂၁ ရက်မှာ ကြေညာမယ့် ပြိုင်ပွဲအနိုင်ရသူအလှမယ်က မယ်စကြဝဠာအသစ်ရဲ့ သရဖူကို ဆောင်းရမှာပါ။
ဒီဖြစ်ရပ်က အလှမယ်တို့ရဲ့ ပြိုင်ပွဲကို အကျည်းတန်စေခဲ့တယ်လို့ ဆိုကြပါတယ်။
Ref : BBC



