၆. ၁၁. ၂၀၂၅
Written by Thettant
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကရင်လူမျိုးနှင့်ပြည်သူများအားလုံး မိမိ၏အမည်သည် သက်ဆိုင်ရာကျေးရွာ/ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးတွင်ထုတ်ပြန်သည့် ဆန္ဒမဲပေးခွင့်ရှိသူများစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ သွားရောက်ကြည့်ရှုအတည်ပြုပြီး ရွေးကောက်ပွဲပြီးဆုံးသည့်အထိ မဲပေးရန် ကရင်ပြည်သူ့ပါတီ (KPP)ဥက္ကဋ္ဌ နန့်ခင်အေးဦးက ပန်ကြားလိုက်သည်။
“၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၌ ကရင်ပြည်သူ့ပါတီ(KPP)က ကိုယ်စားလှယ်လောင်းများ ဝင်ရောက်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း (၂၁)ဦးနှင့် ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း (၁)ဦးတို့ ဖြစ်ကြပါတယ်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကျွန်မတို့ ကရင်ပြည်သူ့ပါတီ(KPP)အနေနှင့် ပြည်သူများထံသို့ ပန်ကြားအသိပေးချက်များကို တင်ပြလိုပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကရင်လူမျိုးနှင့်ပြည်သူများအားလုံး မိမိ၏အမည်သည် သက်ဆိုင်ရာကျေးရွာ/ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးတွင်ထုတ်ပြန်သည့် ဆန္ဒမဲပေးခွင့်ရှိသူများစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ သွားရောက်ကြည့်ရှုအတည်ပြုပါ။ ဆန္ဒမဲပေးခွင့်ရှိသူများ အမည်စာရင်းတွင် မိမိ၏အမည်မပါရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများထံတင်ပြပြီး မဲပေးခွင့်ရရှိသူများစာရင်းတွင် မိမိအမည်ပါဝင်ရန် လိုက်နာဆောင်ရွက်ပါ။ အခက်အခဲရှိပါက မိမိတို့ဒေသတွင်ရှိသော ကရင်လူမျိုးအခြေပြု ပါတီတာဝန်ရှိသူများကို တင်ပြအကူအညီတောင်းပါ။ မဲပေးရန် အစစအရာရာအဆင်သင့်ဖြစ်ပြီးပါက ဆန္ဒမဲပေးရမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ရွေးကောက်ပွဲအပိုင်းလိုက် ကျင်းပမှုပြီးဆုံးသည်အထိ မဲပေးနိုင်ရန် ပြင်ဆင်ထားပါ။ နောက်ဆုံးအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကရင်လူမျိုးများနှင့် တိုင်းရင်းသားပြည်သူများစည်းလုံးညီညွတ်စွာ ကရင်ပြည်သူ့ပါတီ(KPP) ကိုယ်စားလှယ်များကို ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံတော်အတွက်အကောင်းဆုံးဖြစ်စေလိုသော စိတ်စေတနာအရင်းခံ၍ တာဝန်ကျေပွန်စွာပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်”ဟု ကရင်ပြည်သူ့ပါတီ (KPP)ဥက္ကဋ္ဌ နန့်ခင်အေးဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြစဉ် ပြောကြားသည်။
ထို့အပြင် ဤကမ္ဘာမြေပေါ်တွင် ကရင်မျိုးနွယ်များသည် လူမျိုးတစ်မျိုးအနေဖြင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ကရင်လူမျိုး၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ခြင်းကို လူမျိုးရေးတာဝန်တစ်ရပ်အဖြစ် သဘောထားခံယူပြီး တစ်စိုက်မတ်မတ် လုပ်ဆောင်သွားမည်ဖြစ်သလို မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ထောင်နိုင်ရန်၊ ပြည်သူများ၏ လူနေမှုဘဝနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရန်၊ ကရင်မျိုးနွယ်စုများနှင့်အတူ ယှဉ်တွဲနေထိုင်လျက်ရှိသော အခြားတိုင်းရင်းသားလူမျိုးများအားလုံး တရားမျှတသော အခွင့်အရေးများ ရရှိနိုင်ရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ အနုပညာ၊ ယုံကြည်ကိုးကွယ်မှု၊ ဓလေ့ထုံးတမ်းများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ရန်တို့ဖြင့် ကရင်ပြည်သူ့ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်ဟုလည်း နန့်ခင်အေးဦးက ပြောသည်။
ယင်းအပြင် ကရင်ပြည်သူ့ပါတီသည် နိုင်ငံတော်ကဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစဉ်တစိုက် ပါဝင်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ အဂတိလိုက်စားမှုကိစ္စရပ်များအား တိုက်ဖျက်သည့်အခါ ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာကိစ္စရပ်များတွင် တရားမျှတမှုရှိစေရန် ဥပဒေနှင့် အညီ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပညာရေးကဏ္ဍတွင် လူငယ်များ၏ဘဝလုံခြုံမှုကို အာမခံချက်ပေးနိုင်သော ပညာရေးစနစ် ပေါ်ထွန်းရေးကို လွှတ်တော်တွင် တင်ပြဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ မိခင်ဘာသာစကား၊ စာပေများကို မပျောက်ပျက်စေရန် နိုင်ငံတော်၏ အမျိုးသား ပညာရေးဥပဒေ(ပုဒ်မ ၄၂၊ ပုဒ်မခွဲ ခ)တွင် ပါရှိသည့်အတိုင်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အနုသုခုမပညာရပ်များကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးကို အထောက်အကူ ပြုစေရန်အတွက် ကုသရေးထက် ကြိုတင်ကာကွယ်သည့်စနစ်ကို အားကောင်းစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ အဓိကစီးပွားရေးကဏ္ဍဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူငယ်နှင့်အမျိုးသမီးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုးတက်ပြောင်းလဲလာသော နည်းပညာရပ်များအား လက်လှမ်းမီအသုံးချနိုင်ရေး အသိပညာပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့ကို လွှတ်တော်တွင် တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်ပြင်ပရှိ ကရင်လူမျိုးများအတွက် လူနည်းစု တိုင်းရင်းသားများရရှိရမည့် အခွင့်အရေးကို အပြည့်အဝရရှိနိုင်ရန်နှင့် သမိုင်းတွင်ရှိသော လေးစားတန်ဖိုးထားအပ်သည့်နေ့ထူးနေ့မြတ်များ၊ ဝိသေသလက္ခဏာများကိုမှတ်တမ်းပြုစုပြီး အခမ်းအနားများကိုကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း နန့်ခင်အေးဦးက ပြောသည်။
