သက်တန့်
၆. ၁၁. ၂၀၂၅
အပူပိုင်းမုန်တိုင်း ခန့်မေဂီ (Kalmaegi) ကြောင့် စီးဆင်းလာသော ရေများကို ထိန်းချုပ်နိုင်ရန်အတွက် ကျောက်ဖယားရေကာတာမှ ရေထုတ်လွှတ်မှုကို တစ်စက္ကန့်လျှင် ကုဗမီတာ ၂,၇၀၀ အထိ ထုထည်ကြီးမားစွာ ရေတိုးမြှင့်လွှတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံ၊ ချိုင်းနတ်ပြည်နယ်၊ ဆပ်ဖရာခရိုင်ရှိ ရပ်ကွက်ငယ် သုံးခုတွင် ယမန်နေ့က ညတွင်းချင်း သဲအိတ်ဖြင့် ပြုလုပ်ထားသော ရေကာတာများ ပြိုကျပျက်စီးသွားခဲ့သည်။
ရေနစ်မြုပ်မှုအခြေအနေသည် ရေအနက် ၃၀ စင်တီမီတာ (၁ ပေနီးပါး) မှ ၁၅၀ စင်တီမီတာ (၄ ဒသမ ၉၂ ပေ) အထိရှိသော ရေကြီးရေလျှံမှုများကြောင့် အိမ်ခြေ ၂,၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရပြီး သစ်သီးနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ပျက်စီးခဲ့သည်။
ထို့အတွက် မိသားစု ၇၀၀ ကျော်မှာ ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းပြီး အနီးအနားရှိ လမ်းမများတစ်လျှောက်တွင် ယမန်နေ့ညမှစတင်ကာ ယာယီရွှေ့ပြောင်း ခိုလှုံနေကြရသည်ဟု ယနေ့နံနက်ပိုင်း သတင်းဖော်ပြမှုများအရ သိရသည်။
ထို့အတူ တာဝန်ရှိသူများက ဟတ်အာဆရပ်ကွက်ငယ်သည်လည်း မကြာမီ ရေအပြည့်လွှမ်းမိုးခံရနိုင်သဖြင့် နေထိုင်သူများအနေဖြင့် ပစ္စည်းများကို ပိုမိုမြင့်မားသည့်နေရာများသို့ ပြောင်းရွှေ့ရန် တိုက်တွန်းထားသည်။
ယင်းအပြင် နခွန်ဆဝမ်ပြည်နယ်တွင်လည်း ရေအဝင်နှုန်းမှာ တစ်စက္ကန့်လျှင် ကုဗမီတာ ၃,၀၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပြီး ၂၄ နာရီအတွင်း အောက်ဘက်ရှိ စင်ဘူရီ၊ အန်ထောင်းနှင့် အယုဒ္ဓယပြည်နယ်တို့ကို ၃၀ စင်တီမီတာမှ ၅၀ စင်တီမီတာအထိ ရေမျက်နှာပြင် မြင့်တက်စေခဲ့သည်။
အထက်ပါဖြစ်စဥ်များအပြင် ပထုံဌာနီပြည်နယ်တွင်လည်း ယမန်နေ့ညက ကျောက်ဖယားမြစ်ကမ်းနားတစ်လျှောက်ရှိ ရေကြီးမှုကာကွယ်ရေးအတားအဆီး၏ တစ်စိတ်တစ်ပိုင်းသည် ပထုံဌာနီ-စမ်ခုတ်တံတားအောက် ချီယန်ရတ်နွိုင် ရပ်ကွက်ငယ်တွင် ပြိုကျခဲ့သည်။ ယင်းကြောင့် ရေများမှာ ဝပ်မီတာရန်းကျောင်းနှင့် အနီးနားရှိ နေအိမ်များဆီသို့ စီးဝင်သွားခဲ့သည်ဟု သိရသည်။
ကျောက်ဖယားမြစ်၏ ပုံမှန် ပျမ်းမျှစီးဆင်းမှုနှုန်း သည် ခြောက်သွေ့ရာသီနှင့် ရေကြီးရာသီတို့အကြား ကုဗမီတာ ၈၀ မှ ၂,၀၀၀ အထိ အကြီးအကျယ် ကွာခြားမှုရှိနိုင်သော်လည်း၊ ပုံမှန်မဟုတ်ဘဲ ခန့်မေဂီမုန်တိုင်းကြောင့် တစ်စက္ကန့် ကုဗမီတာ ၂၇၀၀ အထိ ရေလွှတ်ခဲ့ရသော ပမာဏသည် ပုံမှန်နှစ်တစ်နှစ်၏ ပျမ်းမျှစီးဆင်းမှုထက် အဆ ၁၀ ဆကျော်ခန့် ပိုမိုများပြားသော ရေထုပမာဏကို ကျောက်ဖယားဆည် ကျိုးကျမည်စိုးရိမ်စိတ်ကြောင့် ထုထည်ကြီးမားစွာ လွှတ်ပေးနေရခြင်းလည်း ဖြစ်သည်။
Ref : Thai Enquirer
