၆.၁၁.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဓာတ်အားပေးစက်ရုံတစ်ရုံ ပြိုကျမှု နိုဝင်ဘာလ ၆ ရက်ကဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူခုနစ်ဦး ပိတ်မိနေတယ်လို့ အမျိုးသားမီးသတ်အေဂျင်စီက ပြောကြားခဲ့ပါတယ်။
ဓာတ်အားပေးစက်ရုံပြိုကျမှုက နိုင်ငံအရှေ့တောင်ပိုင်း အာလ်ဆန်မြို့ရှိ Korea East-West Power ကုမ္ပဏီရဲ့ Ulsan Power ရုံးချုပ်မှာ မွန်းလွဲ ၂ နာရီ (စင်ကာပူစံတော်ချိန် ၁ နာရီခန့်) မှာ ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
အမျိုးသားမီးသတ်အေဂျင်စီက လူနှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး အနည်းဆုံး လူခုနစ်ဦး ပိတ်မိနေကာ ပျောက်ဆုံးနေသူတွေရှိနိုင်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။
တောင်ကိုရီးယားဝန်ကြီးချုပ် ကင်မင်းဆုတ်ခ်က ဝန်ကြီးဌာနအားလုံးကို ပိတ်မိနေသူတွေကို ကယ်တင်ဖို့ အဓိကဦးစားပေး၍ ရရှိနိုင်သော ဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာတွေအားလုံးကို စုစည်းဖို့ အမိန့်ပေးခဲ့ပါတယ်။
ဒေသခံတွေကိုလည်း ထိုဒေသမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေတယ်လို့ ဝန်ကြီးချုပ်ရုံးက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယင်းမတော်တဆမှုဟာ လည်ပတ်မှုရပ်ဆိုင်းထားတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ဖြိုဖျက်ဖို့ ပြင်ဆင်နေတုန်းမှာ ဖြစ်ပွားခဲ့တာလို့ သတင်းတွေအရ သိရပါတယ်။
Ref : AFP


