၃၁.၁၀.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အောင်မေတ္တာ (၂)လမ်းတွင် အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော နေအိမ်သုံးလုံးမီးလောင်မှုမှာ ၃ မိနစ်ရေနွေးအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ပေ ၂၀ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ်နေအိမ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၅ မိနစ်ကျော်ကြာ မီးလောင်မှုကြောင့် သွပ်မိုးအုတ်ညှပ် နှစ်ထပ်နေအိမ်တစ်လုံး၊ အလျား ၈ ပေ၊ အနံ ပေ ၂၀ သွပ်မိုး အုတ်ညှပ် နှစ်ထပ်နေအိမ် အပေါ်ထပ်နှင့် အလျား ၇ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုးအုတ်ညှပ် နှစ်ထပ်နေအိမ် အပေါ်ထပ်အပြင် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေအိမ်သုံးလုံးမီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သော နေအိမ်မှ အသက် ၆၀ ကျော်အရွယ် အိမ်ရှင် အမျိုးသမီးကြီးကို ဘုရင့်နောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
