၃၁. ၁၀. ၂၀၂၅
Written by Nyein Kyaw
အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲရလဒ်များအား အပိုင်း (၃) ပိုင်းလုံး ကျင်းပပြီးမှသာ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအား ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
၂၀၂၅ ရွေးကောက်ပွဲကို အပိုင်း (၁) နှင့် အပိုင်း (၂) ကျင်းပချိန်များတွင် ရလဒ်များကို နေ့ချင်းပြီး ထုတ်ပြန်မည်လားနှင့် ရွေးကောက်ပွဲအားလုံးပြီးမှ ထုတ်ပြန်မည်လားဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
UEC ၏ ပြန်လည်ဖြေကြားမှုမှာ “အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲအားလုံး ကျင်းပပြီးစီးပါက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအား ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။” ဟု ဖြေကြားထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) တွင် ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် အပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ် ၁၀၀ မြို့နယ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာပြီးဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အပိုင်း (၃) ပိုင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်၍ ကျန်ရှိနေသည့် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်မည့် မြို့နယ်များစာရင်းကို ကော်မရှင်မှ ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
“ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်သည့် မြို့နယ်များစာရင်းအား ကော်မရှင်မှ ဆက်လက်ကြေညာပေးမည်ဖြစ်ပါသဖြင့် မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်တွင်သာ သက်ဆိုင်ရာလွှတ်တော်အလိုက် မဲပေးကြရမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်” ဟု UEC က ဖြေကြားထားသည်။
