နေမိုး
၃၀. ၁၀. ၂၀၂၅
ကံမမြို့နယ်၊ ကျီးမီးရွာ၏ လက်နက်မဲ့အမျိုးသမီးအုပ်ချုပ်ရေးမှူးကို PDF များ လာရောက်ဖမ်းဆီးပြီး ကားလမ်းဘေးတွင် ပစ်ခတ်သတ်ဖြတ်သွားမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုညထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက် နံနက် ၆ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ကျီးမီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းနွယ် (၅၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဒေါ်သင်းသင်းနွယ်အား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျီးမီးကျေးရွာတောင်ဘက် မီတာ ၁၀၀ ခန့်အကွာရှိ ရေနံ့သာ-ကျီးမီး-ကျောက်ပဒေါင်းကျေးရွာ သွားလမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်သင်းသင်းနွယ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
