၂၉. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၏ အရှေ့ပိုင်းဒေသ ချွန်ဘူရီပြည်နယ်၊ သီရိရာချာမြို့တွင် အငြင်းပွားမှုတစ်ခုအတွင်း အစ်မ၏ရည်းစားကို မောင်ဖြစ်သူက ဓားဖြင့် နှစ်ချက်ထိုးသည့်အတွက် ဓားထိုးခံရသူ မြန်မာအမျိုးသားတစ်ဦးကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရပြီး ကျူးလွန်သူ မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ရမှု အောက်တိုဘာ ၂၈ ရက်ညက ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ ချွန်ဘူရီပြည်နယ်၊ နောင်းခမ်ရဲစခန်းအနီးရှိ ကွန်ဒိုမီနီယမ်တစ်ခုတွင် ယမန်နေ့ အောက်တိုဘာ ၂၈ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဓားထိုးခံရသူ အသက် ၃၀ နှစ်အရွယ် အောင်ပိုင်ဖြိုး (Ang Phiang Pha Yae) ကို စတုတ္ထထပ် အခန်းတစ်ခန်းအပြင်ဘက်တွင် ဘယ်ဘက်နံရိုးနှင့် တံတောင်ဆစ်တို့၌ ပြင်းထန်သော ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည်။

ထို့နောက် ရဲတပ်ဖွဲ့၏ အကူအညီတောင်းခံမှုအရ ပူရီယန်တိုင် သီရိရာချာ ကယ်ဆယ်ရေးအဖွဲ့က အခင်းဖြစ်နေရာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဒဏ်ရာရရှိသူ အမျိုးသားအား စတုတ္ထထပ်မှ သယ်ဆောင်ကာ ဆုမ်ဒေ့ဖ်ဖရာ ဘိုရွမ်ရာ့ချ်ထေဝီနား သီရိရာချာဆေးရုံ၏ လန်ထော်အရေးပေါ်ယူနစ်အဖွဲ့မှမှ ရှေးဦးသူနာပြုစုမှု ပြုလုပ်ပေးပြီးနောက် အခြားလိုအပ်သည့် ကုသမှုများအတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဓားဖြင့်ထိုးသည်ဟု စွပ်စွဲခံထားရသူ အသက် ၂၂ နှစ်အရွယ် သက်ပိုင် (Ta Pai) ကို အခန်းအတွင်း၌ မပြင်းထန်သော ဒဏ်ရာအချို့ဖြင့် တွေ့ရှိရပြီး ရဲများအား ခုခံမှုမရှိဘဲ အဖမ်းခံခဲ့သည်။ ရဲအရာရှိများက တိုက်ခိုက်ရာတွင် အသုံးပြုသည်ဟု ယူဆရသော ခေါက်ဓားတစ်ချောင်းကို သိမ်းဆည်းရမိခဲ့သည်။ သွေးစွန်းထင်းမှုများကို စင်္ကြံလမ်းတစ်လျှောက်နှင့် လှေကားထစ်များတွင် တွေ့ရှိခဲ့ရသည်။ ဘာသာစကားအခက်အခဲကြောင့် သံသယရှိသူနှင့် ဓားထိုးခံရသူပါ ထိုင်းစကား မပြောနိုင်သဖြင့် စုံစမ်းစစ်ဆေးရေးအတွက် စကားပြန်တစ်ဦးကို ခေါ်ယူခဲ့ရသည်။
ကနဦး ထွက်ဆိုချက်များအရ တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းမှာ ယခင်ကတည်းက ဖြစ်ပွားနေသော အငြင်းပွားမှုမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အောင်ပိုင်ဖြိုးသည် သံသယရှိသူ၏ အသက် ၂၇ နှစ်အရွယ် အစ်မဖြစ်သူ သင်းသင်းနွယ်နှင့် ချစ်ကြိုက်နေခဲ့သည်။ သက်ပိုင်နှင့် သင်းသင်းနွယ်တို့ မောင်နှမနှစ်ဦးစလုံးသည် ထိုတိုက်ခန်းတွင် အတူနေထိုင်ကြသည်။ သက်ပိုင်သည် အောင်ပိုင်ဖြိုးအား ၎င်း၏အစ်မနှင့် ဝေးဝေးနေရန် ယခင်က သတိပေးခဲ့ကြောင်း သိရှိရသည်။ သို့သော် တိုက်ခိုက်မှုဖြစ်သည့် ညနေပိုင်းတွင် အောင်ပိုင်ဖြိုးသည် တိုက်ခန်းသို့ ထပ်မံလာရောက်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားမှုကို ထပ်မံ ဖြစ်ပေါ်စေခဲ့သည်။
ကနဦးက နှုတ်ဖြင့် ရန်ဖြစ်မှုသည် အခန်းအပြင်ဘက် စင်္ကြံလမ်း၌ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားမှုအထိ အရှိန်မြင့်လာခဲ့သည်။ ခိုက်ရန်ဖြစ်ပွားနေစဉ် သက်ပိုင်သည် ဓားထုတ်ကာ အောင်ပိုင်ဖြိုးကို နှစ်ချက်ထိုးပြီးနောက် တိုက်ခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း The Pattaya News မှ သတင်းဖော်ပြသည်။
ထိုင်းရဲတပ်ဖွဲ့က ပြစ်မှုဖြစ်ပွားရာနေရာကို စစ်ဆေးကာ သက်သေခံပစ္စည်းများ၊ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များနှင့် ဓားကို သိမ်းဆည်းခဲ့သည်။ သက်ပိုင်ကို ဆက်လက် စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးထိန်းသိမ်းထားသည်။
နောက်ဆုံးရသတင်းများအရ အောင်ပိုင်ဖြိုးသည် ဆေးကုသမှု ခံယူနေဆဲဖြစ်သလို ထိုင်းရဲတပ်ဖွဲ့ကလည်း လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
Ref, The Thaiger

