၂၉.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ဒ်ထရမ့်ပ်က ဒေသတွင်းထိပ်သီးအစည်းအဝေးအတွက် တောင်ကိုရီးယားနိုင်ငံကို အောက်တိုဘာလ ၂၉ ရက်မှာ ရောက်ရှိမလာခင်မှာဘဲ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ အနောက်ဘက်ရေပိုင်နက်ထဲကို ပင်လယ်မှ မြေပြင်သို့ ပစ်ခတ်တဲ့ ခရုဇ်ဒုံးကျည်များစွာကို အောက်တိုဘာလ ၂၈ ရက်က ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြခဲ့ပါတယ်။
ဒီလိုပစ်လွှတ်မှုက အမေရိကန်သမ္မတရဲ့ ဒေသတွင်းထိပ်သီးအစည်းအဝေးအတွက် တောင်ကိုရီးယားခရီးစဉ်နဲ့ တိုက်ဆိုင်ပြီးတော့ အင်အားပြမှုတစ်ခုဖြစ်တယ်လို့လည်း သုံးသပ်ခဲ့ကြပါတယ်။ ဒါ့ပြင် ဒီလိုဒုံးကျည်စမ်းသပ်မှုတွေက မြောက်ကိုရီးယားအနေနဲ့ ရုရှားနဲ့ စစ်ရေးဆက်ဆံရေး ပိုမိုနက်ရှိုင်းလျက်ရှိပြီး အမေရိကန်အစိုးရနဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဆက်လက်ငြင်းပယ်နေချိန်မှာ ဖြစ်ပေါ်လာတာလို့လည်း ဆိုရမှာပါ။
KCNA သတင်းဌာနရဲ့ အောက်တိုဘာလ ၂၉ ရက် ထုတ်ပြန်ချက်တွေမှာ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေက အောင်မြင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သတင်းဌာနက ဒုံးကျည်တွေဟာ ပစ်မှတ်တွေကို တိကျစွာ မထိမှန်မီ နှစ်နာရီကျော် ပျံသန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ KCNA က အဆိုပါလက်နက်တွေက နိုင်ငံရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်သော စစ်တပ်ရဲ့ စစ်ဆင်ရေးနယ်ဝန်းကို တိုးချဲ့ရာမှာ အထောက်အကူဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ်က ဒုံးကျည်စမ်းသပ်မှုတွေကို ထောက်လှမ်းတွေ့ရှိခဲ့ခြင်း ရှိ၊ မရှိကို ချက်ချင်း အတည်မပြုခဲ့ပါဘူး။
KCNA ရဲ့ သတင်းက ထရမ့်ပ်နဲ့ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်တို့အကြား အခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွေကို တောင်ကိုရီးယားက လက်ခံကျင်းပမယ့် ဂျောင်ဂျူးမြို့မှာ ပြုလုပ်ကြမယ်လို့ မျှော်လင့်ထားတဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ နာရီပိုင်းအလို အောက်တိုဘာလ ၂၉ ရက် နံနက်မှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
KCNA က ဒုံးကျည် စမ်းသပ်မှုတွေကို အကြီးတန်းစစ်ဘက်အရာရှိ ပတ်ဂျုံချွန် (Pak Jong Chon) တက်ရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ သူက မြောက်ကိုရီးယားရေတပ်ကို အားကောင်းစေဖို့ ကြိုးပမ်းရာမှာ အဓိကပိုင်ဆိုင်မှုတွေအဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဖော်ပြခဲ့တဲ့ မကြာသေးမီက တီထွင်ထားတဲ့ ဖျက်သင်္ဘောတွေဖြစ်တဲ့ Choe Hyon နဲ့ Kang Kon တို့ပေါ်ရှိ ရေတပ်သားများရဲ့ လေ့ကျင့်မှုကိုလည်း စစ်ဆေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။။
မြောက်ကိုရီးယားရဲ့ ခုလို ဒုံးကျည်နောက်ဆုံးပစ်လွှတ်မှုတွေက နျူကလီးယားစစ်ပွဲမှ ခုခံတားဆီးရေးကို အားကောင်းစေဖို့ ဒီဇိုင်းထုတ်ထားတာဆိုတဲ့ ပြီးခဲ့တဲ့အပတ်က ပစ်လွှတ်ခဲ့တဲ့ အသံထက်ငါးဆမြန် ဟိုက်ပါဆိုးနစ် စနစ်အသစ်ပါဝင်တယ်ဆိုတဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေအပြီးမှာ ဆက်လက်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ထရမ့်ပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ ထိပ်သီးအစည်းအဝေးကျင်းပဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယားမှာပဲ သူနေထိုင်စဉ်အတွင်း ကင်နဲ့တွေ့ဆုံဖို့ စိတ်ဝင်စားတယ်လို့ ပြောခဲ့သေးတာပါ။ ဒါပေမယ့် တောင်ကိုရီးယားအရာရှိတွေက ထရမ့်ပ်နဲ့ ကင် တွေ့ဆုံဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ကြပါတယ်။
ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ သမ္မတအဖြစ် ပထမသက်တမ်းကာလအတွင်း ၂၀၁၉ ခုနှစ်မှာ ကင်နဲ့ ထရမ့်ပ်ရဲ့ မြင့်မားတဲ့အရှုံးအနိုင်ရှိတဲ့ နျူကလီးယားသံတမန်ရေးပြိုကွဲသွားပြီးနောက် မြောက်ကိုရီးယားဟာ အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယားအစိုးရတို့နဲ့ ဘယ်ပုံစံနဲ့မဆို ဆွေးနွေးမှုတွေကို ရှောင်ဖယ်ခဲ့ပါတယ်။
ကင်ရဲ့ ထိပ်တန်းနိုင်ငံခြားရေးမူဝါဒအတွက် ဦးစားပေးက အခုအခါမှာ ရုရှားဖြစ်ပါတယ်။ မကြာသေးမီ လတွေအတွင်း သမ္မတ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းစစ်ပွဲကို အားဖြည့်ဖို့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာ အမြောက်အမြားကို ရုရှားထံစေလွှတ်ခဲ့ပြီး စစ်အေးကာလအသစ်ဟူတဲ့ အယူအဆကို လက်ခံကျင့်သုံးကာ အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ စည်းလုံးညီညွတ်သောတပ်ဦးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သူ့ရဲ့နိုင်ငံကို ရပ်တည်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်က နှစ်နိုင်ငံကြား သံခင်းတမန်ခင်းအသစ်တွေပြုလုပ်ဖို့ သူ့ရဲ့မျှော်လင့်ချက်တွေကို အကြိမ်ကြိမ်ဖော်ပြခဲ့အပြီးမှာတော့ ကင်ဂျုံအန်ကလည်း အမေရိကန်အစိုးရအနေနဲ့ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင်ဆိုင်မှုဖျက်သိမ်းရေး တောင်းဆိုမှုကို ရုပ်သိမ်းမပေးမချင်း အမေရိကန်နဲ့ ညှိနိင်းဆွေးနွေးပွဲတွေကို မြောက်ကိုရီးယားအနေနဲ့ ပြန်လာမှာမဟုတ်ဘူးလို့ စက်တင်ဘာလအတွင်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref- AP
