၂၉.၁၀.၂၀၂၅
Written By Thandar
လျှို့ဝှက်ဆန်းကြယ်မှုများစွာနဲ့ ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် “ရင်း” ဇာတ်လမ်းတွဲ Premiere Show ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Mingalar Cinema Kandawgyi မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ရင်းဆိုတဲ့ ဇာတ်လမ်းတွဲမှာ အားမာန်ကာရိုက်တာနေရာက ပါဝင်ထားပါတယ်။ ကျွန်တော်ရိုက်ကူးခဲ့သမျှ ကာရိုက်တာတွေမှာ တော်တော်လေးကိုဆိုးထားပါတယ်။ ပရိသတ်မုန်းမယ်လို့လည်း ထင်ပါ တယ်။ ပါဝင်သူတွေ သရုပ်ဆောင်တွေ အကုန်လုံးဆုံကြပေမယ့် တစ်ယောက်နဲ့မှ မတည့်သူပေါ့။ ဒါရိုက်တာကို မေးတယ်။ ကျွန်တော်နဲ့က တည့်သူမပါဘူးလားဆိုတော့ ဘယ်သူနဲ့မှမတည့်ရဘူးတဲ့လေ။ ကျွန်တော်က ဗန့်ကာရိုက်တာ မရိုက်ဖူးတော့လေ မပီပြင်မှာတော့ ဆိုးတယ်။ အဆုံးစွန်ဆုံးကို ဆိုးထားတယ်။ ပညာပေးဇာတ်လေး ဖြစ်တဲ့အတွက် ပရိသတ်တွေ ကြည့်ပြီးရင် ပညာ ရမှာပါ။ ကျွန်တော့်ကို လူမုန်းကြမှာမို့ ကြိုတောင်းပန်ချင်ပါတယ် ”လို့ သရုပ်ဆောင် မော်ကွန်းသစ်က ပြောပါတယ်။





အဆိုပါအခမ်းအနားမှာတော့ ရင်း ဇာတ်လမ်းတွဲ ဇာတ်ဝင်တေးကို သီဆိုထားသူ တေးသံရှင် လန်းလေပြေက တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပြီးနောက် ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေကို မိတ်ဆက်ပေးခဲ့ကြပါတယ်။
ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မောင်သစ္စာနဲ့ ရန်နိုင်ထွန်း၊ ဒါရိုက်တာ ရဲရင့်သစ္စာက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ မင်းဘုန်းမြတ်၊ မင်းတော်ဝင်၊ ကျော်ဇင်မင်းမြတ်၊ ကျော်ဇင်ထွဋ်၊ မော်ကွန်းသစ်၊ ထူး မြတ်ပိုင်၊ ဆက်ထူးသစ်၊ Albert ပိုင်၊ ဆုထက်ထက်ကျော်၊ ဩမြတ်ခင်၊ မေခွန်အား၊ မေရီမောင်၊ ဇော်ဝင်း မောင်၊ ဆက်ထူးသစ်၊ လင်းမြတ်၊ ယွန်းဝတီလှိုင်၊ AD ဦး၊ IV မေ၊ ဘုန်းခန့်လင်းနဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
အပိုင်း ၁၂ တွဲပါဝင်တဲ့ Crime၊ Drama၊ Suspense ဇာတ်လမ်းပုံစံ “ရင်း” ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက စနေနဲ့ တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီမှာ Hey Play Application နဲ့ Hey Play YouTube Channel ပြသနေသလို Fortune TV ရုပ်သံလိုင်းမှာ စနေနဲ့ တနင်္ဂနွေနေ့အပတ်စဉ် ည ၈ နာရီခွဲတိုင်းမှာ ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။
