၂၉. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖူးခတ်ခရိုင်၊ ကထူးမြို့တွင် အမှိုက်အိတ်များ သယ်ယူပို့ဆောင်နေစဉ် မောင်းနှင်နေသည့် အမှိုက်ကားပေါ်မှ ပြုတ်ကျခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့သဖြင့် အဆိုပါ မတော်တဆမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဖြစ်စဉ်မှာ မနေ့က အောက်တိုဘာ ၂၈ ရက် နေ့လယ် ၂ နာရီ ၂၀ မိနစ်ခန့်တွင် ဖရာဖူးခက်ကောက်လ်လမ်းမပေါ်ရှိ ကထူး လူမှုဖူလုံရေးရုံးအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် အရေးပေါ်ကူညီကယ်ဆယ်သူများ အခင်းဖြစ်နေရာသို့ ရောက်ရှိလာချိန်တွင် ပုဂ္ဂလိက အမှိုက်ကားတစ်စီးကို လမ်းဘေး၌ ရပ်တန့်ထားသည်ကို တွေ့ရှိရသည်။
သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား ဝေလင်းကျော်ဖြစ်ပြီး ရဲအရာရှိများ ရောက်လာချိန်တွင် ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ထားပြီးဖြစ်သည်။ နောက်ပိုင်းတွင် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။

ခြောက်ဘီးအမှိုက်ကားမောင်းသူ အသက် ၂၃ နှစ်အရွယ် အနုထိုင်း ဂျင်ဒါထမ်း၏ ထွက်ဆိုချက်အရ ၎င်းနှင့် အလုပ်သမားနှစ်ဦးသည် အမှိုက်အိတ်များကို ပြန်လည်အသုံးပြုနိုင်သည့် စင်တာတစ်ခုသို့ ရောင်းချရန် သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။ ဝေလင်းကျော်နှင့် အခြားအလုပ်သမားတစ်ဦးတို့သည် ကား၏နောက်တွဲ အဖုံးမပါသောအမှိုက်အိတ်များပေါ်တွင် ထိုင်၍လိုက်ပါလာစဉ် အိတ်များထဲမှ တစ်လုံးရွေ့လျားပြီး ကားပေါ်မှ ပြုတ်ကျခဲ့ရာ ဝေလင်းကျော်လည်း ဟန်ချက်ပျက်ကာ မြေပြင်မှ ၃ ဒသမ ၈ မီတာခန့် (၁၂ ဒသမ ၅ ပေခန့်)အမြင့်ရှိ ကားအထက် အမှိုက်အိတ်များပေါ်မှ လမ်းမပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုသိုလ်သံ ဖူးခက်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများ၏ အကူအညီဖြင့် ကထူးမြို့နယ်မှ အရေးပေါ်ဝန်ထမ်းများက အခင်းဖြစ်နေရာတွင် အရေးပေါ် ကယ်ဆယ်ကုသမှု CPR ပြုလုပ်ပေးခဲ့သည်။ ထို့နောက် ဘန်ကောက် သီရိရော့ဂျ်ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် ဝေလင်းကျော်အား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့သည်။
ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန်အတွက် ဝဇီရာ ဖူးခက်ဆေးရုံသို့ လွှဲပြောင်းပေးထားပြီး ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်ကို တရားဝင် မှတ်တမ်းတင်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်။

The Phuket News ၏ ဖော်ပြချက်အရ ရဲအရာရှိများသည် သေဆုံးမှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ မည်သူ့ကိုမျှ တရားစွဲဆိုခြင်း မရှိသေးပေ။ ထို့အတူ ရဲတပ်ဖွဲ့က အလုပ်သမားများနှင့် အလုပ်ရှင်များအားလုံးကို နောက်တွဲဖွင့်ထားသော ကားများ၏နောက်ဘက်တွင် လိုက်ပါခြင်း၏ အန္တရာယ်များနှင့်ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် ယာဉ်ရွေ့လျားနေချိန်တွင် လုံခြုံမှုမရှိသော ဝန်စည်ပေါ်တွင် ထိုင်ခြင်းကို ရှောင်ရှားရန် တိုက်တွန်းထားသည်။
ဤမတော်တဆမှုသည် ထိုင်းနိုင်ငံတစ်ဝန်းရှိ လက်လုပ်လက်စားနှင့် ပုံမှန်မဟုတ်သော အလုပ်သမားများ၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်တွဲဖွင့်ထားသော ကားများပေါ်တွင် လိုက်ပါစီးနင်းခြင်းသည် ကဏ္ဍများစွာတွင် လုပ်ဆောင်နေကြသော်လည်း ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများကို တင်းကြပ်စွာ မလိုက်နာပါက ပြင်းထန်သော အန္တရာယ်များ ဖြစ်ပွားစေတတ်သည်ကို မီးမောင်းထိုးပြနေသည်။
ရင်ခွဲစစ်ဆေးမှုရလဒ်များနှင့် တရားဝင် ထွက်ဆိုချက်များ ပြီးဆုံးပါက ရဲတပ်ဖွဲ့မှ အမှုကို ထပ်မံသုံးသပ်မည်ဟု မျှော်လင့်ရသည်။
Ref , The Thaiger
