၂၉. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်၊ ဘန်ခဲခရိုင်ရှိ ဟိုတယ်တစ်ခုကို ဖွင့်လှစ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားဇနီးမောင်နှံအား အရွယ်မရောက်သေးသူ မိန်းကလေးငယ်များကို ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု စွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးမှုကို အောက်တိုဘာ ၂၈ ရက်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနမှူး ရဲမှူးကြီး ဝစ်ထရာ သီရိပရာသတ်ဖပ်ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သံသယရှိသူများဖြစ်သည့် အသက် ၅၈ နှစ်အရွယ် ဝီချစ်နှင့် ၎င်း၏ ၃၇ နှစ်အရွယ် ဇနီး ဘွမ်တို့ကို လူကုန်ကူးမှုနှင့် ကလေးသူငယ် ပြည့်တန်ဆာလုပ်ငန်းကို အားပေးကူညီမှု စွဲချက်များဖြင့် တရားစွဲဆိုထားသည်။

အောက်တိုဘာ ၉ ရက်တွင် ဘန်ကောက်ရှိ ရာဇဝတ်တရားရုံးက ထုတ်ပြန်ခဲ့သည့် ဖမ်းဝရမ်းအရ သံသယရှိသူ ဇနီးမောင်နှံနှစ်ဦးစလုံးသည် ကလေးသူငယ်ပြည့်တန်ဆာလုပ်ငန်းအတွက် မိန်းကလေးငယ်များ ရှာဖွေပေးခြင်းနှင့် လိင်ရာဇဝတ်မှုအများအပြားဖြစ်ပွားအောင် လုပ်ဆောင်ပေးခြင်းတို့တွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့ထံမှ အရေးပေါ် သန္ဓေတားဆေးများ၊ မအင်္ဂါထဲ ထည့်သွင်းသည့်ဆေးပြားများ၊ ကိုယ်ဝန်စစ်ဆေးသည့် ကိရိယာများ၊ ကွန်ဒုံးများ၊ ငွေကြေးမှတ်တမ်းများ၊ မိုဘိုင်းဖုန်းများနှင့် မြေစာရင်းစာချုပ်များကို သိမ်းဆည်းရမိခဲ့သည်။
အမှုစုံစမ်းစစ်ဆေးမှုကို ဘန်ရတ်ခ် ရဲတပ်ဖွဲ့က ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုတွင် အရွယ်မရောက်သေးသူ မိန်းကလေးငယ်များအား လိင်ဝန်ဆောင်မှုပေးရန်အတွက် တစ်ကြိမ်လျှင် ဘတ် ၁,၅၀၀ ဖြင့် ကြော်ငြာနေသည်ကို တွေ့ရှိချိန်မှ စတင်ခဲ့သည်။ အသွင်ယူရဲအေးဂျင့်များက ဘန်ကောက်ဟိုတယ်တစ်ခုတွင် ချိန်းဆိုမှု ပြုလုပ်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာကို စီမံခန့်ခွဲသူ (ပွဲစားများ) ကို ဖမ်းဆီးနိုင်ခဲ့သည်။

ထိုစစ်ဆင်ရေးအတွင်း ကယ်ဆယ်နိုင်ခဲ့သည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ထုတ်ဖော်ပြောကြားချက်အရ ၎င်းကို ဝီချစ်နှင့် ဘွမ်တို့က ပြည့်တန်ဆာလုပ်ငန်းလုပ်ရန် ခြိမ်းခြောက်အတင်းအကြပ်ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် အရွယ်မရောက်သေးသူ မိန်းကလေးငယ်များစွာကို အလုပ်ခန့်ထားသည့် ဟိုတယ်ပိုင်ရှင်များဖြစ်ကြပြီး၊ အခန်းခ၊ လိင်ဝန်ဆောင်ခနှင့် မိန်းကလေးများ၏ အဖိုးအခ စုစုပေါင်း ဘတ် ၂,၁၅၀ ကို ကောက်ခံခဲ့သည်။ ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများ စုဆောင်းပြီးနောက် ဇနီးမောင်နှံကို ဖမ်းဆီးရန်နှင့် အသက် ၁၆ နှစ်အရွယ်သားကောင်တစ်ဦးကို ကယ်ဆယ်ရန်အတွက် ဝရမ်းရယူခဲ့သည်။
အမည်မဖော်လိုသည့် ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရသူတစ်ဦးကလည်း ဟိုတယ်တွင် ပြည့်တန်ဆာလုပ်ငန်းသို့ ဆွဲဆောင်ခံရပုံကို မျှဝေခဲ့သည်။ အသက် ၁၄ နှစ်အရွယ်တွင် အိမ်မှထွက်ပြေးပြီးနောက် ဝီချစ်က အစပိုင်းတွင် စားပွဲထိုးအဖြစ် အရက်သယ်ယူပို့ဆောင်မှုသာ လုပ်ကိုင်ရမည်ဟု လှည့်ဖျားခဲ့ကြောင်း၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရချိန် ငြင်းဆန်သောအခါ ဝီချစ်က အတင်းအကြပ် ခြိမ်းခြောက်၍ ခိုင်းစေခဲ့ကြောင်း ပြောပြခဲ့သည်။ ဘွမ်ကလည်း လိင်ဝန်ဆောင်မှုပေးရန် လှည့်ဖြားခဲ့ပြီး မိန်းကလေး၏ ဝင်ငွေမှ ဘတ် ၂၀၀ ကို ဖြတ်ယူခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်။

ရဲတပ်ဖွဲ့သည် ကလေးသူငယ်ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရသူ မိန်းကလေးငယ်များကို လူကုန်ကူးမှု စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အကူအညီပေးလျက်ရှိသည်။ ဂုဏ်သိက္ခာရှိသော တက္ကသိုလ်တစ်ခုမှ ဥပဒေဘွဲ့ရတစ်ဦးဖြစ်သည့် ဝီချစ်သည် ၎င်း၏ ယခင်အလုပ်မှ ဘွမ်နှင့်အတူ ဟိုတယ်လုပ်ငန်းသို့ ကူးပြောင်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ဟိုတယ်သည် ကလေးသူငယ်အမျိုးသမီးပြည့်တန်ဆာများကို နှစ်သက်သည့် ခရီးသွားများကြားတွင် ထင်ရှားကျော်ကြားသည်။
သံသယရှိသူ ဇနီးမောင်နှံနှစ်ဦးစလုံးသည် စွဲချက်များကို ငြင်းဆိုထားသော်လည်း ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန်အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနမှ စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်းပေးအပ်ထားကြောင်း KhaoSod သတင်းက ဖော်ပြသည်။
Ref, The Thaiger
