နေမိုး
၂၉. ၁၀. ၂၀၂၅
တပ်မတော်၏ လေကြောင်းထိုးစစ်ကြောင့် တအာင်းအကြမ်းဖက်လက်နက်ကိုင် TNLA က မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ ဆုတ်ခွာပေးမည်ဟု ကတိပြု လက်မှတ်ရေးထိုးခဲ့သည်ဟု PSLF/TNLA က ယနေ့ ဝန်ခံကတိပြု ထုတ်ပြန်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၇-၂၈)ရက်နေ့တို့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီး၊ သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်သည်။
ထို့အပြင် တအာင်းဒေသကိုလည်း မြန်မာ့တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ (၀၀း၀၀) နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
