◾️ PDF များ အဆင်ခြင်မဲ့စွာ ချိုးချလိုက်သည့် ဧရာဝတီမြစ်ကူးတံတားသည် အချိန် ၃ နှစ်ကျော် တည်ဆောက်ခဲ့ရသည့် ပေပေါင်း ၂၄၈၀ ရှည်သော ၁၄ စင်းမြောက် ဧရာဝတီတံတားဖြစ်
နေမိုး
၂၉. ၁၀. ၂၀၂၅
သပိတ်ကျင်းမြို့ကို ဆုံးရှုံးအပြီး တပ်မတော်ထိုးစစ်ကို ကြောက်လန့်နေသည့် MDY PDF က ရွှေတူးဖော်၍ ရနေသဖြင့် အကျိုးအမြတ်ကြီးသော စဉ့်ကူးမြို့ကို လက်မလွှတ်ရရန် စဉ့်ကူး – ကျောက်မြောင်း ဧရာဝတီတံတား (ရတနာသိင်္ခတံတား)ကို ယနေ့နံနက်ပိုင်း ၆ နာရီခန့်တွင် ချိုးချဖျက်ဆီးလိုက်ကြသည်။
TNLA နှင့် MDY PDF များ သိမ်းထားပြီးနောက် တပ်မတော်ထိုးစစ်ကြောင့် ပြန်လည်လက်လွှတ်ခဲ့ရသော သပိတ်ကျင်းမြို့သည် စဉ့်ကူးမြို့၏ ခရိုင်မြို့ကြီးဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည်။
ထို့နောက် တပ်မတော်ထိုးစစ်က စစ်ရေးအရ အရေးပါပြီး စဉ့်ကူးနှင့် မိုးကုတ်နှစ်မြို့အကြား ဗျူဟာမြောက် ဖောတောလမ်းဆုံကို ယခုလလယ်တွင် ထိန်းချုပ်လိုက်ပြီးနောက် အကြောက်လွန်လာသည့် TNLA နှင့် MDY PDF တို့က နေ့စဉ် ရွှေပိဿာချိန်များစွာ ခိုးထုတ်၍ ရနေသည့် စဉ့်ကူးမြို့ကို လက်မလွှတ်ရရန် တပ်မတော်ထိုးစစ် အလွယ်တကူဝင်လာနိုင်သည့် စဉ့်ကူး – ကျောက်မြောင်း ဧရာဝတီတံတား (ရတနာသိင်္ခတံတား) ကို ယနေ့ ချိုးချခဲ့ခြင်းဖြစ်သည်။ ဒရုန်းဖြင့် ရိုက်ကူးထားပြီး ပျံ့နှံ့နေသည့် မှတ်တမ်းများအရ တံတားချိုးချမှုကို စဉ့်ကူးဘက်ခြမ်း ရေလယ်တိုင်ဒုတိယအခန်းနှင့် စဉ့်ကူးဘက်အဆင်း ချဉ်းကပ်တံတားအခန်းတို့ နှစ်နေရာကို ဗုံးခွဲဖျက်ဆီးထားသည်ကို တွေ့ရသည်။



ဧရာဝတီတံတား (ရတနာသိင်္ခ) သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်၊ကျောက်မြောင်းမြို့အနီး နွယ်ငြိမ်းကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့ကို ဆက်သွယ်ပေးထားသည့် တိုင်းချင်းဆက် ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်သည်။ တံတားကြီးကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၁၄)က ၂ဝ၁ဝ ပြည့်နှစ် ဧပြီ ၁၆ ရက်မှ စတင်၍ ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ တံတားကြီးမှာ နှစ်လမ်းသွား ကားလမ်းတံတားဖြစ်ပြီး တံတားပေါ်တွင် အကျယ် ၂၈ ပေရှိ နှစ်လမ်းသွား ကားလမ်းနှင့် တစ်ဖက်လျှင် သုံးပေစီရှိသည့် လူသွားလမ်းများ ပါဝင်သည်။ ပင်မတံတားအရှည် ၂၂၁၈ ပေ၊ ရွှေဘိုဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၆၆ ပေနှင့် စဉ့်ကူးဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၁၉၆ ပေရှိပြီး စုစုပေါင်းတံတားအရှည်မှာ ပေ ၂၄၈ဝ ရှိသည်။ တံတားအောက် ရေလမ်းကင်းလွတ်နယ်မြေမှာ အကျယ်ပေ ၃၂ဝ နှင့် အမြင့် ၄၇ ပေ ရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်သည်။ တံတားအောက်ထည်မှာ ၁ ဒသမ ၅ မီတာအချင်းရှိ သံကူကွန်ကရစ် လွန်တူးပိုင်တိုင်အုတ်မြစ်နှင့် သံကူကွန်ကရစ်တိုင် ကိုယ်ထည်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိ သံပေါင်နှင့် သံကူကွန်ကရစ် ကြမ်းခင်းဖြစ်သည်။
ထိုသို့ အချိန်ကြာမြင့်စွာတည်ဆောက်ခဲ့ရသည့် ဧရာဝတီမြစ်ကူးတံတားကြီးတစ်စင်းကို MDY PDF တို့က ကြောက်စိတ်ကြောင့် ချိုးချလိုက်သဖြင့် ပြည်သူများ၏ လူနေမှုဘဝနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုမှာ အတိဒုက္ခ ကြုံနေရပြီဖြစ်သည်။
