၂၉.၁၀.၂၀၂၅.
Translated by Htwe Ko Tun
ဘရာဇီးနိုင်ငံ၊ အမေဇုန်ဒေသရှိ ဘယ်လမ်မြို့တွင် နိုဝင်ဘာလအတွင်းကျင်းပမည့် COP30 ခေါ် ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်သောပွဲများ မကျင်းပမီ ရက်အနည်းငယ်အလို အောက်တိုဘာလ ၂၈ ရက်တွင် နိုင်ငံ၏မြို့တော်ဟောင်း ရီယိုဒီဂျနေရိုမြို့၌ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ အနည်းဆုံး လူ ၆၄ ဦး သေဆုံးပြီး အသေအပျောက်အများဆုံး စီးနင်းတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ကိုမန်ိဒို ဗာမယ်လ်ဟို (Comando Vermelho) မူးယစ်ဆေးဝါးဂိုဏ်း၏ အဓိကကျသော ဂိုဏ်းဝင်များဟု ယူဆရသူများနှင့် ၎င်းတို့၏ ငွေကြေးခဝါချမှုလုပ်ငန်းများကို ပစ်မှတ်ထား၍ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ထိုဂိုဏ်း၏ ငွေကြေးခဝါချမှုလုပ်ငန်းများက ကျန်းမာရေး ဝန်ဆောင်မှုများ၊ ကျောင်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုပါအနှောင့်အယှက်ဖြစ် ထိခိုက်စေသည်အထိ ကျယ်ပြန့်သော ပဋိပက္ခများ ဖြစ်ပွားခဲ့ရသည်။
ရီယိုဒီဂျနေရိုမြို့၏ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ အလီမော (Alemao) နှင့် ပင်ဟာဖာဘီလာ (Penha favela) ဆင်းရဲသားရပ်ကွက်များတစ်လျှောက် လုံခြုံရေးဝန်ထမ်း ၂,၅၀၀ ပါဝင်သည့် အဆိုပါစစ်ဆင်ရေးအတွင်း လူ ၈၁ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဝရမ်း ၂၅၀ ထုတ်ပြန်ခဲ့သည်။
မြို့တော်အုပ်ချုပ်ရေးမှူး ကလော်ဒီယို ကတ်စထရို (Claudio Castro) က ရဲအရာရှိလေးဦးအပါအဝင် စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပြီး ၎င်းက ရီယိုမြို့တွင် ယခင်သေဆုံးမှုအများဆုံးရဲတပ်ဖွဲ့၏ စစ်ဆင်ရေးထက်ပင် နှစ်ဆကျော်ပိုများကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး ကတ်စထရိုက လူမှုမီဒီယာတွင် “ကျွန်ုပ်တို့သည် မူးယစ်ဆေးဝါးအကြမ်းဖက်မှုကို ခိုင်မာစွာ ဆန့်ကျင်ရင်ဆိုင်လျက်ရှိသည်” ဟု ပြောကြားခဲ့သည်။
နံနက်အစောပိုင်းကတည်းကပင် သေနတ်သံများကို ဒေသတစ်ဝန်းတွင် ကြားခဲ့ရပြီး မူးယစ်ဂိုဏ်းဝင်များက သံချပ်ကာရဲကားများ ဝင်ရောက်လာမှုကို အရှိန်လျှော့ချရန် ကားများကို မီးရှို့ခဲ့သဖြင့် မြို့အထက် ကောင်းကင်တွင် မီးခိုးများ ထွက်ပေါ်လာခဲ့သည်။
ရဲတပ်ဖွဲ့မှထုတ်လွှင့်သော ဗီဒီယိုများအရ မူးယစ်ဂိုဏ်းဝင်ဟု သံသယရှိရသူများက လက်ပစ်ဗုံးများ တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်များကို အသုံးပြု၍ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြသည်ကို တွေ့ကြရသည်။
အပြင်းထန်ဆုံးတိုက်ပွဲပြီးဆုံးသွားပြီးနောက် အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုသည် အင်္ကျီမဝတ်ထားသော အမျိုးသားများစွာကို ဝိုင်းရံထားသည်ကို တွေ့ရပြီး ဒဏ်ရာရသူများကို ကုသပေးနေသည့် ပြည်သူ့ဆေးရုံတစ်ရုံတွင် မိသားစုဝင်များ စုဝေးကာ ငိုကြွေးနေသည်ကိုလည်း တွေ့ကြရသည်။
ရီယိုဒီဂျနေရိုပြည်နယ်အစိုးရက အောက်တိုဘာလ ၂၈ ရက်က ပြုလုပ်ခဲ့သော စစ်ဆင်ရေးသည် Comando Vermelho ဂိုဏ်းကို ပစ်မှတ်ထားသည့် အကြီးမားဆုံး စစ်ဆင်ရေးဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
ဘရာဇီးအစိုးရတရားရေးဝန်ကြီး ရီကာဒို လီဝမ်ဒေါစကီးက အဆိုပါ သွေးထွက်သံယို စစ်ဆင်ရေးအား ဆင်နွှဲရန်အတွက် ပြည်ထောင်စုအစိုးရကို ကူညီရန် မတောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
စီးနင်းတိုက်ခိုက်မှုအတွင်း ရပ်ကွက်များစွာတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေသဖြင့် ကျောင်းများ၊ ဆေးရုံများနှင့် ဘတ်စ်ကားဝန်ဆောင်မှုလုပ်ငန်းများစွာမှာလည်း ထိခိုက်သက်ရောက်မှု ရှိခဲ့သည်။
လုံခြုံရေးဆိုင်ရာ အတွေးအခေါ်ပညာရှင်များအဖွဲ့ Sou da Paz ၏ အမှုဆောင်ဒါရိုက်တာ ကာရိုလိုင်းနား ရီကာဒို Carolina Ricardo ကမူ ထိုစစ်ဆင်ရေးကို ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် ဝေဖန်ပြောကြားခဲ့သည်။ အလားတူပင်အရပ်ဘက်လူ့အဖွဲ့အစည်းအချို့ကလည်း စစ်ဖက်စစ်ဆင်ရေးအသွင် ပြုလုပ်ခဲ့သော စီးနင်းတိုက်ခိုက်မှုတွင် ကြီးမားသော ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်း ဝေဖန်ပြောကြားခဲ့ကြသည်။
ကာရိုလိုင်းနားက “ဒါဟာ လုံးဝကျရှုံးတဲ့ လုပ်နည်းကိုင်နည်းတစ်ခုပဲ။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကွင်းဆက်မှာရှိတဲ့ ဆက်စပ်မှုတွေကို အမှန်တကယ် ပစ်မှတ်မထားလို့ပါ” ဟု ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် အိုလံပစ်ပွဲ၊ ၂၀၂၄ ခုနှစ် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးနှင့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် BRICS ထိပ်သီးအစည်းအဝေးတို့ကို လက်ခံကျင်းပခဲ့သော ရီယိုဒီဂျနေရိုမြို့တွင် ထိုကဲ့သို့ အဓိကပွဲများမတိုင်မီ ရဲတပ်ဖွဲ့က ရာဇဝတ်ဂိုဏ်းများကို အကြီးအကျယ်နှိမ်နင်းသည့် စစ်ဆင်ရေးများ မကြာခဏ ပြုလုပ်လေ့ရှိသည်။
Ref-Sky News




