၂၉.၁၀.၂၀၂၅
Written by Hey Mar
ဒီနေ့မနက်အစောပိုင်း ဝေလီဝေလင်းအချိန်က အသက်လေးဆယ်ဝန်းကျင်အမျိုးသမီးတစ်ဦး ယာဉ်မတော်တဆအတိုက်ခံရပြီး တိုက်တဲ့ကားက ဆေးရုံတင်ပို့ပေးမယ်ဆိုကာ ခေါ်ဆောင်သွားပြီးမှ ရွှေပြည်သာစက်မှုဇုန်ထဲ စွန့်ပစ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အင်းမြို့နယ်အခြေစိုက် ကနောင် နာကူ/ရှင်ကူ အသင်းထံကနေသိရပါတယ်။
ဖြစ်စဉ်က အောက်တိုဘာ ၂၉ ရက်နေ့ မနက်အစောပိုင်းက အင်းစိန်မြို့နယ် က/ခရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ် ရွှေဝါ ၂ လမ်းထိပ်မှာ ကားနံပါတ် (8B -1709) Light truck ကားက အသက် ၄၀ ခန့်အမျိုးသမီးကို တိုက်မိပြီး အဲဒီကားနဲ့ပဲ ဆေးရုံပို့မယ်ဆိုကာ မျက်မြင်သက်သေတချို့ ရှေ့ကနေ ဒဏ်ရာရလူနာကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အင်းစိန်မြို့နယ် Volunteers Team မှ တာဝန်ရှိသူက “ကျွန်တော်တို့ဆီကို မနက်အစာပိုင်း ငါးနာရီဝန်းကျင်လောက်က ယာဉ်တိုက်မှုသတင်းဝင်လာတယ်။ ဖြစ်စဉ်နေရာကိုရောက်တော့ တိုက်တဲ့ ကားသမားက လူနာကိုတင်ပြီး ဆေးရုံပို့ပေးမယ်ဆိုပြီးခေါ်သွားတယ်လို့ မျက်မြင်တွေကပြောပြတယ်။ အဲ့ဒါနဲ့ ယာဉ်နံပါတ်တွေ ဘာတွေ သက်သေပေါ့ စုံစမ်းပြီး ရတာနဲ့ ကျွန်တော်တို့ အင်းစိန်ဆေးရုံ လိုက်သွားတယ်။ ဆေးရုံကို လာမပို့ဘူးလို့ သိရတော့ ကျွန်တော်တို့အသင်းအဖွဲ့တွေရဲ့ Viber Group မှာ ဖြစ်စဉ်ကို တင်လိုက်တယ်။ အဲ့ဒီမှာ ကိုသူရိန်တို့ (ကနောင် နာကူ/ရှင်ကူအသင်း) ဘက်က ဆက်သွယ်လာတာပါ။စက်မှုဇုန်ထဲမှာတွေ့ထားလို့ ဆေးရုံတင်ပို့ဖို့ ဆောင်ရွက်နေတယ်ဆိုပြီး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါယာဉ်က ဒဏ်ရာအများအပြား ရရှိထားတဲ့ အမျိုးသမီးကို ဆေးရုံကိုမပို့ဘဲ ရွှေပြည်သာ စက်မှုဇုန် အပိုင်း ၄ လမ်းဘေးခြုံစပ်မှာ ပစ်သွားခဲ့ကာ အမျိုးသမီးတစ်ဦးဒဏ်ရာတွေနဲ့လဲကျနေတာကိုတွေ့ရှိတဲ့ တာဝန်သိပြည်သူတချို့က လူမှုကူညီရေးအသင်းထံ ဆက်သွယ်အကြောင်းကြားလာလို့ ကနောင် နာကူ/ရှင်ကူ လူမှုကူညီရေးအသင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ သွားရောက်သယ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ယာဉ်တိုက်ခံရသူအမျိုးသမီးမှာ ဦးခေါင်းနောက်စေ့ ကွဲဒဏ်ရာ၊ ခြေသလုံးနဲ့ ပေါင်ရိုးကျိုးဒဏ်ရာတွေ ရရှိထားပြီး သတိ ကောင်းကောင်းမလည်သေးဘူးလို့လည်း သိရပါတယ်။ သူ့ရဲ့နေရပ်ကို မေးတဲ့အခါ လိပ်စာအမှားပြောထားတဲ့အတွက် လူမှုကူညီရေးအသင်းတွေက သွားရောက်ရှာဖွေပေမယ့် မတွေ့ရှိခဲ့ဘူးလို့လည်း သိရပါတယ်။
အင်းစိန်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “သူသတိကောင်းကောင်း မရတော့ အရင်နေဖူးတဲ့ လိပ်စာများ စိတ်စွဲပြီး မှားပြောလားမသိဘူး။ သူပြောတဲ့နေရာအတိအကျနဲ့ မရမ်းကုန်း ၈ ရပ်ကွက်ထဲ ရှာပေမယ့် သူပြောတဲ့အိမ်အမှတ်ကလည်း သူ့အိမ်မဟုတ်ဘူး။ သူ့ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကပါ မသိဘူး” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးကို အင်းစိန်ဆေးရုံမှာ လူမှုကူညီရေးအသင်းကပဲ လူနာရှင်ပြုလုပ်ကာ တင်ပို့ကုသပေးနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ ယာဉ်တစ်စီးက ဆိုင်ကယ်ကို တိုက်ပြေးရာ ဆိုင်ကယ်ကျန်ခဲ့ပြီး ဆိုင်ကယ်စီးသူအမျိုးသမီးမှာ ကားအောက်ညပ်ပါသွားတာကို လူရှင်းတဲ့နေရာအရောက် ကားအောက်က အမျိုးသမီးကို ဖြုတ်သယ်ပြီး ကားပေါ်တင်ကာ ကံကောက်အထည်ချုပ်စက်ရုံနားမှာ ပစ်သွားတာကို လူမှုကူညီရေးအသင်းတွေက လိုက်လံရှာဖွေတွေ့ရှိခဲ့ကြလို့ အသက်ရှင်လျက် ဆေးရုံတင်ပို့နိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၉ရက်နေ့ကလည်း စက်မှုဇုန် လုံခြုံရေးဝန်ထမ်းတစ်ဦးကို ယာဉ်တိုက်မိပြီး ပြင်းထန်ဒဏ်ရာရနေတာကို ဆေးရုံမပို့ဘဲ လမ်းဘေးမြက်တောထဲ ဆွဲချထခဲ့လို့ သေဆုံးခဲ့တဲ့ဖြစ်စဉ် ရန်ကုန်တိုင်း၊ လှိုင်သာယာ အနောက်ပိုင်းခရိုင်၊ မြို့နယ်တရားရုံးအနီးမှာ ဖြစ်ပွားခဲ့ပါသေးတယ်။




