၂၉. ၁၀. ၂၀၂၅
Written by Nyein Kyaw
အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line Phone No- 1566 သို့ သတင်းပို့ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ယမန်နေ့က ကျင်းပသည့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးတွင် မှာကြားခဲ့သည်။
ကော်မတီအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အရ ကျူးလွန်သူကို တရားစွဲဆိုခြင်း၊ ကလေးသူငယ်ကို အကာအကွယ်ပေးခြင်း၊ လိုအပ်သောထောက်ပံ့မှုများပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ကလေးလုပ်သားစစ်တမ်း ၂၀၂၄-၂၀၂၅ အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုရှိ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးသူငယ် ၈၂ ဦးတို့အား လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ထို့နောက် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသည့် အလုပ်ရှင်များအား ဥပဒေပိုင်းဆိုင်ရာ အသိပညာများပေးရန်၊ အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line Phone No. 1566 သို့ သတင်းပို့ရန်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကလေးအား အကောင်းဆုံးအကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ပေးရန်တို့ကို ဒုဝန်ကြီးက မှာကြားခဲ့သည်။၊
