◾️ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားလျှင် ထိုသူ၏အမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမှ ပယ်ဖျက်ရမည်ဟုပါ ဆို
◾️ မဲဆန္ဒနယ်အသီးသီးတွင် အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦးရှိသည့်အနက် လက်ရှိအချိန်အထိ ပယ်ဖျက်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၈၆ ဦးအထိရှိ
၂၅. ၁၀. ၂၀၂၅
Written by Nyein Kyaw

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်အား သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၈(ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ခံရကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် PPP ပါတီဘက်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းထုတ်ပြန်ပြီးမှုနှင့် ကိုယ်စားလှယ်လောင်းကတ်များ ထုတ်ယူပြီးမှုများ ကိုင်ဆွဲကာ ငြင်းဆိုခဲ့သည်။ ထို့အတွက် အဆိုပါသတင်းမှာ မှန်ကန်မှု ရှိ/မရှိနှင့်ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းတွင် မီဒီယာများက သတင်းထုတ်ပြန်ရေးအဖွဲ့မှတစ်ဆင့် UEC မှဖြေကြားပေးရန် မေးမြန်းခဲ့ရာ ညနေပိုင်းမှသာ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
UEC ၏ ပြန်လည်ဖြေကြားချက်တွင် “ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ်အမှတ် (၂) တွင် အမည်စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ပါသည်” ဟု ဖြေကြားထားသည်။ ပုဒ်မ ၈ (ဃ)သည် “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ”ဟု ပြဌာန်းထားချက်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က စိစစ်ခွင့်ပြုပြီးဖြစ်သည့် ကိုယ်စားလှယ်လောင်း တစ်ယောက်ကို အမည်စာရင်းထုတ်ပြန်ပြီးမှ ယခုကဲ့သို့ ပယ်ဖျက်ခြင်း ဆောင်ရွက်နိုင်ပါသလားနှင့် ပယ်ဖျက်ခံရသူအနေဖြင့် ကုစားမှုများပြုလုပ်ပြီး UEC ထံ အယူခံတင်သွင်းပိုင်ခွင့် အခွင့်အရေးရှိလားတို့နှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ် “သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၃၆(ဂ)အရ လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် အမည်စာရင်း ထုတ်ပြန်ကြေညာပြီးနောက် အမည်စာရင်းတင်သွင်းသူ တစ်ဦးသည် ရွေးကောက်ပွဲ မကျင်းပမီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားလျှင် ထိုသူ၏အမည်ကို လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းမှ ပယ်ဖျက်ရမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်” ဟု UEC က ပြန်လည်ဖြေကြားထားသည်။
ထို့ပြင် အယူခံဝင်နိုင်ခွင့်နှင့်ပတ်သက်ပြီး ဖြေကြားထားရာတွင်လည်း “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း စိစစ်ခြင်းများအတွက် နေ့ရက်များ သတ်မှတ်ကြေညာပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် အယူခံတင်သွင်းရမည့်ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်ပြီးဖြစ်ပါသည်” ဟု UEC က ဖြေကြားထားသည်။

လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးတွင် အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသဖြင့် ပယ်ဖျက်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၈၆ ဦးအထိရှိကြောင်းလည်း UEC က ဖြေကြားထားသည်။
