◾️ ကိုကိုးကျွန်း၌ စိုက်ပျိုးရေရရှိရေး ဆည်တမံများတည်ဆောက်နိုင်ရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆည်တမံတည်ဆောက်မည့်နေရာများကို ကိုယ်တိုင်ကြည့်ရှု့စစ်ဆေးခဲ့

၂၅. ၁၀. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့သို့ တွေ့ဆုံစဉ် နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက် ရှိသည်နှင့်အညီ ဒေသခံများအနေဖြင့်လည်း ပိုမိုတိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
မိမိဒေသမှ ထွက်ရှိသည့် အုန်းနှင့်အုန်းထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် ဒေသတွင်ထွက်ရှိသော သရက်၊ နာနတ်ကဲ့သို့သော သီးနှံများအား ရေရှည်ခံတန်ဖိုးမြင့် Value added ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ယခင်ကတည်းကပင် မြို့လယ်လမ်းတစ်လျှောက် အုတ်တံတိုင်းများကာရံခြင်း၊ မြို့ပတ်ကတ္တရာလမ်းခင်းခြင်း၊ သင်္ဘောဆိပ်ခံတံတားတည်ဆောက်ခြင်း၊ လေယာဉ်ကွင်းတိုးချဲ့ခြင်း၊ ရုပ်သံလိုင်းများရရှိအောင် ဆောင်ရွက်ခြင်း၊ အသားတိုးနွားမျိုးမွေးမြူမှုများ ဆောင်ရွက်ခြင်း၊ ဆက်သွယ်မှုအဆင်ပြေစေရေးအတွက် တယ်လီဖုန်းလိုင်းများတပ်ဆင်ခြင်းတို့ကို နိုင်ငံတော်အကြီးအကဲမှ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းအတွက် အုန်းသီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ၊ အိမ်တွင်းမှုသင်တန်းများနှင့် စက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့နောက် ကိုကိုးကျွန်းမြို့နေ ပြည်သူများ ဒေသဆန်ဖူလုံရေးအတွက် လယ်မြေ၊ ကုန်းမြင့်လယ်မြေများ ဖော်ထုတ်ရန် စီစဉ်ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေ ရရှိရေးအတွက် လျှိုပိတ်ဆည်များ၊ ချောင်းပိတ်၊ မြောင်းပိတ် တမံအသေးစားများ ဆောင်ရွက်ပေးနိုင်ရေး၊ အရည်အသွေးကောင်းမွန်သော ကိုကိုးပင်များ၊ အုန်းမျိုးများနှင့် ဝါးပင်များ စိုက်ပျိုးနိုင်ရေးအတွက် မြေနေရာရွေးချယ်ဖော်ထုတ်ပြီး ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
အလားတူ သက်တမ်းရင့် အုန်းပင်များအစားထိုးလဲလှယ် စိုက်ပျိုးရန်ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်နိုင်တစ်ပိုင် ကြက်၊ ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရေး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုကိုးကျွန်းမြို့နယ်အား ဒေသဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့အပြင် ကိုကိုးကျွန်းမြို့နေ ကျောင်းသားများ ပညာရေးနှင့်ပတ်သက်၍ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း တန်းစဉ်ကူးပြောင်းရာတွင် အောင်ချက်မြင့်မားစေရေး ကျောင်းသား၊ မိဘ၊ ဆရာ ပူးပေါင်း၍ စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စနစ်တကျဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
တွေ့ဆုံမှုအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုကိုးကျွန်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိမှု အခြေအနေနှင့် ဒေသတွင်းသောက်သုံးရေရရှိရေး၊ ဒေသခံပြည်သူများအတွက် ရာသီမရွေး ရေချိုဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးရရှိရေးအတွက် ဆည်တမံတည်ဆောက်မည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
