၂၄ .၁၀ .၂၀၂၅
Written by Hey Mar
စိတ်ကျန်းမာရေး ချို့ယွင်းနေသူ အမျိုးသမီးကြီးက ရေတွင်းထဲခုန်ချပြီး အဆုံးစီရင်တာကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂၀) ဘက်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ သန္တိသုခ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။


ဖြစ်စဉ်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂၀)၊ နောင်ခမ်းကြီးတောင်စုရှိ နေအိမ်တစ်အိမ်ရဲ့ အများသုံးရေတွင်းထဲကို အသက်(၆၇)နှစ်အရွယ်ရှိ စိတ်ဝေဒနာအနည်းငယ်ရှိသူ အမျိုးသမီးကြီးတစ်ဦးခုန်ချသွားကြောင်း သတင်းအရ ကယ်ဆယ်ရေးအဖွဲ့တွေ ထွက်ခွာခဲ့ကြောင်း၊ အဆိုပါရေတွင်းမှာ ၂၅ ပေခန့် အနက်ရှိပြီး ရေပြည့်နေကာ ရေလယ်ဗယ်က မြေပြင်အနီး ကိုးပေ၊ ဆယ်ပေအကွာထိမြင့်တက်နေတာမို့ ရေတွင်းထဲက ရေကို မြေပြင်ကနေ PVC ပိုက်နဲ့ သွယ်တန်းကာ ရေစုပ်စက်နဲ့ စုပ်ယူသုံးစွဲနေကြကြောင်းလည်း သိရှိရပါတယ်။
အဆိုပါအမျိုးသမီးကို ရေတွင်းထဲမှာတွေ့ရှိလိုက်တဲ့ တာဝန်သိပြည်သူက ဆက်သွယ်အကူအညီတောင်းခံလာတာကြောင့် သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းကို ဒေသခံမီးသတ်တပ်ဖွဲ့တွေနဲ့အတူ လူမှုကူညီရေးအသင်းတွေက ဆယ်ယူပြီး ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။
