၂၄.၁၀.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်အတွင်း ကာနူးလ်မြို့အနီးမှာ အောက်တိုဘာလ ၂၄ ရက် နံနက်အစောပိုင်းက ဘတ်စ်ကားတစ်စီးက အဝေးပြေးလမ်းမပေါ်မှာ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့တာမှာ အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီးအများအပြားဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။
ဘတ်စ်ကားပေါ်မှာ ခရီးသည် ၄၄ ဦးလိုက်ပါလာပြီး မီးကအရှိန်ပြင်းတဲ့အတွက် မိနစ်ပိုင်းအတွင်း ကားတစ်စီးလုံးကို ပျံ့နှံ့လောင်ကျွမ်းခဲ့ပါတယ်။ ဒီအချိန်မှာ ခရီးသည်အများအပြားက အိပ်ပျော်နေကြရာမှာ မီးလောင်မှုဖြစ်ပွားတုံး ကားပေါ်မှာလှောင်ပိတ်မိနေသူတွေအများအပြားရှိနေခဲ့တယ်လို့ ရဲအရာရှိ ဗီကရန့် ပါတီးလ်က ပြောခဲ့ပါတယ်။

တချို့ခရီးသည်တွေက ကားပြတင်းပေါက်မှန်တွေကို ရိုက်ခွဲဖွင့်ကာ ဘေးလွတ်ရာကို ပြေးနိုင်ခဲ့ကြပေမယ့် အချို့ကတော့ ကားအတွင်းအကူအညီမရခင် လှောင်ပိတ်မိပြီး မီးလောင်သေဆုံးခဲ့ရတာပါ။ ခရီးသည် ၁၈ ဦးကတော့ ကားပေါ်မှာ မီးလောင်ရာကနေ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။ သူတို့အနေနဲ့ အသေးအမွှားဒဏ်ရာတွေတော့ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ ကားပေါ်ကနေ မီးဘေးက တခြားထွက် ပြေးနိုင်သူတွေရှိမရှိတော့ သေချာစွာမသိသေးပါဘူး။
ဖြစ်ရပ်မှာ မော်တော်ဆိုင်ကယ်တစ်စီးက အရှိန်နဲ့မောင်းနှင်လာတဲ့ ဘတ်စ်ကားကို နောက်မှ ဝင်တိုက်မိပြီး အကွာအဝေးတစ်ခုအထိ ညှပ်မိပြီးပါသွားတာပါ။ ဒါကြောင့် မီးပွားများ ဖြစ်ပေါ်စေကာ ဘတ်စ်ကားရဲ့ လောင်စာဆီတိုင်ကီကို လောင်ကျွမ်းစေခဲ့တာပါပဲ။ “မီးခိုးများ ပျံ့နှံ့လာတာနဲ့အမျှ ယာဉ်မောင်းက ဘတ်စ်ကားကို ရပ်ပြီး မီးသတ်ဆေးဘူးနဲ့ မီးငြိမ်းသတ်ဖို့ ကြိုးစားပေမယ် မီးကအလွန်ပြင်းထန်တော့ မထိန်းချုပ်နိုင်ခဲ့ပါ” လို့ ပါတီးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘတ်စ်ကားက ပေါက်ကွဲထွက်ခဲ့ပြီး အမည်မသိ ဆိုင်ကယ်စီးသူလည်း သေဆုံးသွားခဲ့ပါတယ်။
ဒါဟာ နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဘတ်စ်ကားမီးလောင်မှုဖြစ်ပြီး အာဏာပိုင်တွေက တံခါးပိတ်မိနေတာကြောင့် သေဆုံးမှုတွေ ဖြစ်နိုင်ခြေရှိမရှိ စုံစမ်းစစ်ဆေးနေပါတယ်။
Ref- Al Jazeera
