၂၄. ၁၀. ၂၀၂၅
Translated by Thettant
မက္ကဆီကို မူးယစ်ဂိုဏ်းများအတွက် မူးယစ်ဆေးဝါးများ မှောင်ခိုကူးခြင်းနှင့် ဒေါ်လာသန်းပေါင်း များစွာကို ငွေကြေးခဝါချခြင်းတို့ဖြင့် စွပ်စွဲခံထားရသူ Zhi Dong Zhang သည် ပြီးခဲ့သည့်နွေရာသီက မက္ကဆီကိုစီးတီးရှိ နေအိမ်အကျယ်ချုပ်မှ ထွက်ပြေးပြီးနောက် ကျူးဘားသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့သော်လည်း Brother Wang ဟုပါ လူသိများသော Zhi Dong Zhang ကို မက္ကဆီကိုအာဏာပိုင် များက ကျူးဘားအာဏာပိုင်များမှတစ်ဆင့် ပြန်လည်ဖမ်းဆီးပြီးနောက် ယမန်နေ့ ကြာသပတေးနေ့တွင် အမေရိကန်သို့ လွှဲပြောင်းပေးအပ်လိုက်သည်။
တရုတ်နိုင်ငံက ထုတ်လုပ်သည်ဆိုသည့် ဖန်တနိုင်းလ် မူးယစ်ဆေးနှင့် ကိုကင်းဘုရင်ကို မက္ကဆီကိုစီးတီးတွင် ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခဲ့သော်လည်း တရားသူကြီး၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ပြီးနောက် ယခုနွေရာသီတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ Brother Wang သည် ရုရှားသို့ ဝင်ခွင့်မရဖြစ်ပြီးနောက် အတုပြုလုပ်ထားသော နိုင်ငံကူးလက်မှတ်ဖြင့် ကျူးဘားသို့ ထွက်ပြေးခဲ့သည်။ သို့သော် ကျူးဘားအာဏာပိုင်များသည် မက္ကဆီကိုဘက်မှတာဝန်ရှိသူများကို Brother Wang အား မက္ကဆီကိုနိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးဖြစ်သည့် အခြားနှစ်ဦးနှင့်အတူ ဖမ်းဆီးထားကြောင်း အကြောင်းကြားခဲ့သည်။
Brother Wang သည် မက္ကဆီကိုရှိ Sinaloa Cartel နှင့် Jalisco New Generation Cartel (CJNG) တို့နှင့် ဆက်စပ်နေသော ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းမှတစ်ဆင့် ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဖြင့် စွပ်စွဲခံထားရသည်။ Brother Wang ၏ မက္ကဆီကိုအခန်းကဏ္ဍသည် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ပြီးဆုံးသွားခဲ့သည်။ ထိုအချိန်တွင် မက္ကဆီကို လုံခြုံရေးဝန်ကြီး Omar García Harfuch က ၎င်းအား တရားစီရင်ရေးနှင့် ရင်ဆိုင်ရမည့် အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဖန်တနိုင်းလ်ကို တိုက်ဖျက်ရေးအတွက် အမေရိကန်၏ စစ်ဆင်ရေးတွင် ၎င်းသည် ဦးစားပေး ပစ်မှတ်တစ်ခုဖြစ်သည်။
Harfuch သည် လူမှုမီဒီယာတွင် တင်ထားသည့် မက်ဆေ့ချ်တစ်ခုတွင် လွှဲပြောင်းပေးအပ်မှုကို ကြေညာခဲ့သည်။ ကနဦးဖမ်းဆီးမှုနှင့်နောက်ပိုင်း ဟာဗားနားသို့ ထွက်ပြေးမှု အသေးစိတ် အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် လုံခြုံရေးဝန်ကြီးက “ဇူလိုင်လ ၃၁ ရက်နေ့မှာ သူနဲ့အတူ တခြားနှစ်ယောက်ကိုပါ ကျူးဘားမှာ ပြန်လည် ဖမ်းဆီးခဲ့ပြီး ဒီနေ့မှာတော့ အမေရိကန်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်” ဟု အတည်ပြုခဲ့သည်။
တရုတ်မူးယစ်ရာဇာသည် အင်တာပိုလ် (Interpol) က ထုတ်ဆင့်ထားသည့် နိုင်ငံတကာ ဖမ်းဝရမ်းလည်း ထွက်ရှိထားသူဖြစ်သည်။ မက္ကဆီကိုလုံခြုံရေးဝန်ကြီးက Brother Wang ကို ပြန်လည်ဖမ်းဆီးခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းတို့အတွက် ကျူးဘားအစိုးရ၏ “တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှု” အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အေဂျင်စီ (DEA) သည် Brother Wang ကို အချိန်အတန်ကြာ လိုက်လံစုံစမ်းခဲ့ပြီး အနည်းဆုံး ၂၀၁၆ ခုနှစ်မှစ၍ မက္ကဆီကို မူးယစ်ဂိုဏ်းကြီးနှစ်ခုလုံးအတွက် အလုပ်လုပ်သော ရာဇဝတ်ကွန်ရက်ကို ဦးဆောင်သည်ဟု စွပ်စွဲခဲ့သည်။ Brother Wang ၏ အဖွဲ့အစည်းသည် ကယ်လီဖိုးနီးယားရှိ Los Angeles နှင့် ဂျော်ဂျီယာရှိ Atlanta တို့တွင် အခြေစိုက်သော်လည်း ဗဟိုနှင့် တောင်အမေရိက၊ ဥရောပနှင့် အာရှတို့နှင့် ဆက်စပ်မှုရှိသည်။ ဇူလိုင်လ ၁၁ ရက်နေ့တွင် အတည်ပြုခဲ့သည့် မက္ကဆီကိုစီးတီးမှ ၎င်း၏ထွက်ပြေးမှုသည် သိသာထင်ရှားသော အငြင်းပွားဖွယ်ရာများကို ဖြစ်ပေါ်စေခဲ့သည်။ တရားသူကြီးတစ်ဦးက နေအိမ်အကျယ်ချုပ် မချမှတ်မီအထိ ၎င်းအား အမြင့်ဆုံးလုံခြုံရေး အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့ပြီး စစ်ဘက်မှ စောင့်ကြပ်နေသော်လည်း ၎င်းက ထွက်ပြေးခဲ့သည်။
တရားသူကြီး၏ ဆုံးဖြတ်ချက်ကို မက္ကဆီကိုသမ္မတ Claudia Sheinbaum ကပင် ဝေဖန်ခဲ့သည်။ ဖန်တနိုင်းလ်ကို ၎င်း၏ အများပြည်သူရန်သူနံပါတ်တစ်အဖြစ် သတ်မှတ်ထားသော အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးသဘောတူညီချက်ကို ညှိနှိုင်းနေစဉ်တွင် မက္ကဆီကိုသမ္မတသည် Brother Wang အား နေအိမ်အကျယ်ချုပ်ချမှတ်ရန် တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို တိုက်ခိုက်ခဲ့သည်။ “ဒီလိုမျိုး ဆုံးဖြတ်ချက်က တရားသူကြီးဆီက ဘယ်တော့မှ မလာသင့်ဘူး။ ဒါဘယ်လိုဖြစ်နိုင်တာလဲ” ဟု သူမက မေးခွန်းထုတ်ခဲ့ပြီး သူမ၏အစိုးရသည် “တရားရေး၏အကျင့်ပျက်ခြစားမှု” အကြောင်းကို အလေးအနက်ထား ပြောဆိုနေကြောင်း ငြင်းဆိုခဲ့သည်။
တရုတ်မူးယစ်ရာဇာ၏ ထွက်ပြေးမှုသည် အထူးသဖြင့် သတိထားရမည့်အချိန်တွင် ဖြစ်ပွားခဲ့သည်။ ယင်းထွက်ပြေးအပြီး ခြောက်ရက်အကြာတွင် ဂျော်ဂျီယာရှိ ဖက်ဒရယ်တရားရုံးတစ်ခုက Brother Wang အပေါ် စွဲချက်အသစ်များ ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် ၎င်းသည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်ကြားတွင် အတုအယောင်ကုမ္ပဏီ ၁၅၀ ကျော်နှင့် ဘဏ်အကောင့် ၁၇၀ တို့၏ ရှုပ်ထွေးသော ကွန်ရက်မှတစ်ဆင့် အမေရိကန်ပြည်ထောင်စုတွင် အနည်းဆုံး ဒေါ်လာ သန်း ၂၀ ကို ငွေကြေးခဝါချခဲ့ကြောင်း စွပ်စွဲခံထားရသည်။
Ref , EL PAIS
