၂၄.၁၀.၂၀၂၅
Written by Hey Mar
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက် ရှာဖွေသူ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပြန်ပါတယ်။
ဖြစ်စဉ်က ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာရှိ ပအို့ဝ်ကုမ္ပဏီလုပ်ကွက်ဟောင်းက မြေစာပုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေစာပြိုကျတဲ့နေရာ ကုမ္ပဏီဘက်က ဘက်ဟိုးဖြင့်ကုပ်ကာ ချက်ချင်းကယ်ဆယ်ရေးလုပ်ခဲ့ပေမယ့် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးမှာသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

သေဆုံးသူတွေက မော်လကင်နဲ့ မြေနီကုန်းဘက်မှာ နေထိုင်ကာ ရေမဆေးကျောက်ရှာဖွေသူတွေလို့ သိရပြီး ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေဖြစ်ကာ ဒေသခံတွေ မဟုတ်ဘူးလို့လည်း သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မကြာခဏ မြေစာပုံပြိုကျကာ လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပြီး MT Newsက ရေးသားခဲ့တဲ့ သတင်းတွေအရ အခုနှစ်အတွင်း ဇန်နဝါရီလကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ သေဆုံးသူ ၃၂ ဦး၊ မတ်လအတွင်းက ၃ ဦးနဲ့ ဇူလိုင်လမှာ မိုးများပြီးမြေပြိုခဲ့လို့ ၁၇ ဦး သေဆုံးခဲ့ပါသေးတယ်။
