၂၄.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က မြောက်အမေရိကတိုက်ရဲ့ စီးပွားရေးအင်အားကြီး ကုန်သွယ်ဘက်နိုင်ငံနှစ်ခုဖြစ်တဲ့ ကနေဒါနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးဆွေးနွေးပွဲ အားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ အောက်တိုဘာလ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ ကွယ်လွန်သူ သမ္မတဟောင်း ရော်နယ်ရီဂင်က ကုန်သွယ်စည်းကြပ်ခွန် ကောက်ခဲ့မှုနဲ့ ပတ်သက်လို့ အပျက်သဘော ရှုမြင်ပြောဆိုထားတဲ့ ကြော်ငြာတစ်ခုက လိမ်လည်လှည့်ဖြားမှုတစ်ရပ်သာဖြစ်တယ်လို့ ထရမ့်ပ်က ခေါ်ဆိုပြီးနောက်မှာ ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
သမ္မတထရမ့်ပ်က ကနေဒါနိုင်ငံမှ တင်သွင်းတဲ့ သံမဏိ၊ အလူမီနီယမ်နဲ့ မော်တော်ကားတွေအပေါ် ကုန်သွယ်စည်းကြပ်ခွန်ကောက်ခံမှုတွေ ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ချမှတ်ခဲ့ပြီး ကနေဒါအစိုးရကလည်း အလားတူပဲ တုံ့ပြန်ခဲ့ပါတယ်။ နှစ်ဖက်စလုံးက သံမဏိနဲ့ အလူမီနီယမ်ကဏ္ဍတွေအတွက် အလားအလာရှိတဲ့ သဘောတူညီချက်တစ်ခုရရှိဖို့ ရက်သတ္တပတ်အတော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
ထရမ့်ပ်က “သူတို့လုပ်ဆောင်ချက်တွေကတော့ ကမ်းကုန်လောက်အောင် ဆိုးဝါးတဲ့ အပြုအမူတွေကို အခြေခံတာပဲ။ ဒီတော့ ကနေဒါနဲ့ ပြုလုပ်နေတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲအားလုံးကို ဒီနေရာမှာပဲ အဆုံးသတ် ရပ်ဆိုင်းလိုက်ပါပြီ” လို့ လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။
ကနေဒါနိုင်ငံမှာ လူဦးရေအထူထပ်ဆုံးနဲ့ အကြွယ်ဝဆုံးလည်းဖြစ်တဲ့ အွန်တာရီယိုပြည်နယ် ဝန်ကြီးချုပ် ဒေါက်ဖို့ဒ်က အခုအပတ်အစောပိုင်းမှာ သူ့ရဲ့ ပြည်နယ်မှ ကုန်သွယ်စည်းကြပ်ခွန်ဆန့်ကျင်ရေးနဲ့အတူ အွန်လိုင်းတင်ခဲ့တဲ့ ကြော်ငြာက ထရမ့်ပ်ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကြော်ငြာမှာ ရီပတ်ဘလီကန်တစ်ဦးဖြစ်တဲ့ သမ္မတဟောင်း ရော်နယ်ရီဂင်က နိုင်ငံခြားကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်စည်းကြပ်ခွန်ကောက်ခံမှုတွေကို ဝေဖန်နေပြီး ဒါက အလုပ်အကိုင်ဆုံးရှုံးမှုတွေနဲ့ ကုန်သွယ်ရေးစစ်ပွဲတွေကို ဖြစ်ပေါ်စေတယ်လို့ ပြောကြားနေတာပါ။
“သမ္မတက ကျွန်တော်တို့ရဲ့ကြော်ငြာကို ကြားခဲ့တယ်လို့ ကျွန်တော်ကြားတယ်။ ဒီကြော်ငြာကြောင့် သူအများကြီး စိတ်ထိခိုက်ခံစားရမယ်လို့ ကျွန်တော်ပြောရဲတယ်” လို့ ဖို့ဒ်က အောက်တိုဘာလ ၂၁ ရက်မှာ ပြောခဲ့ပါသေးတယ်။။
ရော်နယ် ရီဂင်သမ္မတဖောင်ဒေးရှင်းကတော့ အွန်တာရီယိုပြည်နယ်အစိုးရရဲ့ ကြော်ငြာဟာ ရီဂင်၏ ပြောကြားချက်အဟောင်းတွေထဲက “ရွေးချယ်ထားတဲ့ အသံနှင့် ဗီဒီယိုကို အသုံးပြုနေတယ်” လို့ အောက်တိုဘာလ ၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖောင်ဒေးရှင်းဟာ သူ့ရဲ့တရားဝင်ရွေးပိုင်ခွင့်နည်းလမ်းတွေကို ပြန်လည်သုံးသပ်နေတယ်လို့ ပြောခဲ့ပါတယ်။
“ကြော်ငြာဟာ သမ္မတရဲ့ရေဒီယိုမိန့်ခွန်း (၁၉၈၇ ခုနှစ်တွင် သမ္မတရီဂင်ပြောကြားသော) ကို မှားယွင်းစွာ ဖော်ပြပြီး သမ္မတရဲ့ မှတ်ချက်တွေကို အသုံးပြုဖို့နဲ့တည်းဖြတ်ဖို့အတွက် အွန်တာရီယိုပြည်နယ်အစိုးရဟာ ကြိုးစားတောင်းခံမှု ဒါမှမဟုတ် ခွင့်ပြုချက်ရယူမှုတစ်စုံတစ်ရာ မရှိခဲ့ဘူး” လို ဟု ဖောင်ဒေးရှင်းက သူ့ရဲ့ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ကနေဒါအစိုးရကတော့ ဒါနဲ့ပတ်သက်လို့ ချက်ချင်းမှတ်ချက်ပေးတာ မရှိသေးပါဘူး။
ထရမ့်ပ်ဟာ အာဏာရလာပြီးတဲ့နောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာအပေါ် ကုန်သွယ်စည်းကြပ်ခွန် ကောက်ခံမှုတွေကို အခွင့်အာဏာအနေနဲ့ အသုံးပြုခဲ့တာပါ။
ထရမ့်ပ်ရဲ့ ခုလိုကုန်သွယ်ရေးစစ်ပွဲဆင်နွှဲမှုမှာ ၁၉၃၀ ပြည့်လွန်နှစ်များနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်စည်းကြပ်ခွန် ကောက်ခံ့မှုတွေကို အမြင့်ဆုံးအဆင့်ကို မြှင့်တင်ခဲ့ပြီး အခွန်အကောက်တွေ ပိုမိုကောက်ခံမယ်လို့ ပုံမှန်ခြိမ်းခြောက်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးပညာရှင်တွေကြား စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။
ကနေဒါဝန်ကြီးချုပ်မာ့ခ်ကာနီက တကယ်လို့ အမေရိကန်အစိုးရနဲ့ ကုန်သွယ်ရေးသဘောတူညီချက် အမျိုးမျိုးရဖို့ ဆွေးနွေးမှုတွေ မအောင်မြင်ဘူးဆိုရင် ကနေဒါဟာ သူ့ရဲ့ဈေးကွက်တွေကို အမေရိကန်ရဲ့ မတရားဝင်ရောက်တာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို အောက်တိုဘာလ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။
လာမယ့်နှစ်မှာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ဟာ သူတို့သုံးနိုင်ငံ ၂၀၂၀ ပြည့်နှစ်က သဘောတူခဲ့ကြတဲ့ မြောက်အမေရိကတိုက် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ စီစဉ်ထားကြပါတယ်။
Ref- Reuters
