နေမိုး
၂၄. ၁၀. ၂၀၂၅
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မ(၂) ရပ်ကွက်မှာ ဒီမနက်ပြုလုပ်တဲ့ ချင်း PDF ခေါင်းဆောင် အောင်လိန်းရဲ့ မင်္ဂလာဆောင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ကန်ပက်လက်မြို့ဟာ AA နဲ့ NUG ကို ဩဇာခံတဲ့ CDF -Kanpetlet ဦးဆောင်တဲ့ ချင်းညီနောင်အဖွဲ့တွေ သိမ်းယူထားတဲ့မြို့ဖြစ်ပြီး နယ်မြေဒေသအရ အရေးမပါတာနဲ့ အခြားထိုးစစ်ဆင်ဒေသတွေရှိနေတာကြောင့် တပ်မတော်ရဲ့ အဓိက အကြမ်းဖက်နှိမ်နင်းရေး စစ်ရေးပစ်မှတ်ထဲမှာ မပါပေမဲ့ PDF တွေ စုဝေးနေမှု သတင်းအတိအကျရချိန် လေကြောင်းတိုက်ခိုက်မှု ရံဖန်ရံခါသာ ပြုတတ်တဲ့မြို့လည်းဖြစ်ပါတယ်။ ဒီနေ့မနက်မှာ ချင်း PDF ခေါင်းဆောင်အောင်လိန်းဟာ ကန်ပက်လက်၊ မြို့မ (၂) ရပ်ကွက်က ဆယ်မိုင်ကုန်းမှာ မတမ်မြူးမံဆိုသူ တစ်ရပ်ကွက်တည်းနေ အမျိုးသမီးနဲ့ နံနက် ၈ နာရီကနေ ၁၁ နာရီအထိ မင်္ဂလာဆောင်ရာမှာ ဖိတ်စာကို လူသိရှင်ကြားဖြန့်ဝေခဲ့ရာက လေကြောင်းကနေ ဒီမနက် ၉ နာရီခွဲဝန်းကျင်မှာ နှစ်ကြိမ်တိုက်ခိုက်ခံရတာလို့လည်း MT News က ကနဦးသိထားရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး Salai Houng Aung Ling အကောင့်ပိုင်ရှင်က “ကန်ပက်လက် မင်္ဂလာပွဲကို” လို့ ရေးသားထားပြီး မှတ်ချက်တွေမှာတော့ “ကန်ပက်လက် ချင်းပဒက်ခေါင်းဆောင်အောင်လိန်း မင်္ဂလာဆောင်တာ ခန်းမပေါ်တည့်တည့်ချ” လို့ မှတ်ချက်ပြုထားသလို “ဖိတ်စာဖြန့်တာကို” လို့လည်း ကွန်းမန့်ပေးထားတာ မြင်ရပါတယ်။ ဒါ့အပြင် Shen Thang Paing အကောင့်ကလည်း “ပွဲခင်းတည့်တည့်ကို လုပ်တာဆိုတော့ စဥ်းစားစရာတော့ဖြစ်ပြီ ကိုယ့်ရန်သူဟာ ကိုယ့်အနီးနားမှာပဲလား ဒီကိစ္စက မတော်တဆ မဟုတ်ဘူး အထိအခိုက်အတွက် တကယ်စိတ်မကောင်းဖြစ်ပါတယ် #ကန်ပက်လက်” လို့ ရေးသားထားပါတယ်။
လူမှုကွန်ရက်မှာလည်း CDF -Kanpetlet က ခေါင်းဆောင် အောင်လိန်းရဲ့ မင်္ဂလာဆောင်ဖိတ်စာနဲ့တကွ ဗုံးကြဲခံရတာဖော်ပြနေပြီး CDF -Kanpetlet က ချင်း PDF တွေ၊ ချင်း PDF ထောက်ခံသူ မိသားစုတွေ သေဆုံးမှုများပြားတယ်လို့ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ သေဆုံးဒဏ်ရာရသူအရေအတွက်ကို MT News က အသေးစိတ်စုံစမ်းနေပြီး ဆက်လက် ဖော်ပြပေးပါမယ်။
