◾️ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းပါ ပြောကြား
၁၆. ၁၀. ၂၀၂၅
Written by Nyein Kyaw
အခြေခံအဆောက်အဦ လိုအပ်ချက်များရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များကို ပိုလျှံနေသည့် ရန်ပုံငွေများမှသုံးစွဲ၍ ပြုပြင်ထိန်းသိမ်း တည်ဆောက်သွားရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့ တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။။
ဘတ်ဂျက်လျာထားချက်များ ရေးဆွဲရာတွင် ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သက်၍လည်း လျာထားတွက်ချက်ထားသည့်အတိုင်း သုံးစွဲရန်လိုကြောင်း၊ ဘတ်ဂျက်များသုံးစွဲမှုကြောင့် ငွေကြေးလည်ပတ်မှုများဖြစ်လာပြီး ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်းမွန်လာမည်ဖြစ်ကာ အခြေခံအဆောက်အအုံများ ပိုမိုဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုလာမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အခြေခံအဆောက်အဦများ လိုအပ်ချက်များရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များကိုလည်း ပိုလျှံနေသည့် ရန်ပုံငွေများမှသုံးစွဲ၍ ပြုပြင်ထိန်းသိမ်း တည်ဆောက်သွားရန်လိုကြောင်း၊ စာသင်ကျောင်းများအတွက်လိုအပ်သည့် သင်ထောက်ကူပြု ဓာတ်ခွဲခန်းများကိုလည်း တည်ဆောက်ပေးသွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
အလားတူ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ မပြည်စုံသေးသည့်ဆေးရုံများ များစွာရှိကြောင်း၊ ဆေးရုံအမြင်ကောင်းနေရမည်၊ ကုသရေးအတွက် အစွမ်းထက်သူများရှိရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများက အပြည့်အဝယုံကြည် အားကိုးနိုင်ကြမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုကြောင့် ဆေးရုံများအတွက်လိုအပ်သည့် ဥပဓိရုပ်ပိုင်းဆိုင်ရာများနှင့် ကုသရေးပိုင်းဆိုင်ရာ လိုအပ်သည့်ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
