၁၆. ၁၀. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီးမှ ပေါင်းတည် PDF များက လက်နက်မဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို ရွေးကောက်ပွဲအတွက် အားတက်သရော လုပ်ဆောင်ပေးနေသဖြင့် သတ်ဖြတ်လိုက်ကြောင်း ကျူးလွန်သည့် ပေါင်းတည် PDF အဖွဲ့က ယနေ့ ဝန်ခံလာသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရွာပုလဲအုပ်စု ရေဆည်ကြီးရွာနေအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်အား အောက်တိုဘာ ၁၀ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် NUG ၏ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆ဝ၁ တပ်ရင်း တပ်ခွဲ(၅) PDF များက ဦးဝင်းမြင့်၏ နေအိမ်အထိ သွားရောက် ပစ်ခတ် သတ်ဖြတ်ရာ ဦးဝင်းမြင့်မှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ကျူးလွန်သည့် PDF များ၏ ဝန်ခံချက်တွင် ဖော်ပြထားသည်။

လက်နက်မဲ့ အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်မှာ ကျေးရွာအုပ်စုအတွင်း လူငယ်လူရွယ်များကို စစ်မှု့ထမ်း စုဆောင်းပေးခြင်း၊ ရွေးကောက်ပွဲကို အားတက်သရော လုပ်ဆောင်ပေးနေသောသူဖြစ်၍ သတ်ဖြတ်သည်ဟုလည်း ကျူးလွန်သည့် PDF များက ဝန်ခံသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
