◾️ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်စဲပြီး ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းထားနိုင်ရေးသည် အိန္ဒိယနိုင်ငံအတွက် အင်မတန်မှအရေးကြောင်းပါ ပြောကြား

၁၆. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံ၏ ကြာညောင်းလှပြီဖြစ်သည့် ပြည်တွင်း ပြဿနာများကိုဖြေရှင်းရန် လက်ရှိတွင် တစ်ခုတည်းသောမူဘောင်ဖြစ်သည့် NCA ယန္တရားကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းအားလုံး ဆွေးနွေးမှုများပြုလုပ်ရန် အလေးအနက်တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားသည်။
“NCA ဟာ မြန်မာနိုင်ငံရဲ့ ကြာညောင်းလှပြီဖြစ်တဲ့ ပြည်တွင်းပြဿနာတွေကို ဖြေရှင်းဖို့ရာ လက်ရှိမှာရှိနေတဲ့ တစ်ခုတည်းသော မူဘောင်ဖြစ်တဲ့အတွက် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ NCA ယန္တရားကို အပြည့်အဝအသုံးချပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေလုပ်ကြဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အပေါ်အခြေခံတဲ့ ထင်သာမြင်သာရှိပြီး ရေရှည်ခိုင်မြဲမယ့် ဆွေးနွေးညှိနှိုင်းမှုရလဒ်တွေရအောင် ကြိုးပမ်းကြဖို့ ကျွန်တော်တို့ အလေးအနက်တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ NCA လုပ်ငန်းစဉ်ရဲ့ အောင်မြင်မှုအပေါ်မှာ တကယ်ပဲမူတည်နေပါတယ်” ဟု အိန္ဒိယသံအမတ်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံသည် အိန္ဒိယ၏ အရေးပါသည့် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးမှုများဖြစ်သည့် အိမ်နီးချင်း ဦးစားပေးမူဝါဒ (Neighbourhood First)၊ အရှေ့မျှော်မူဝါဒ (Act East) MAHASAGAR (လုံခြုံရေးနှင့် ဖွံ့ဖြိုးမှုတို့ ညီညီမျှမျှ ဘက်စုံတိုးတက်ရေးမူဝါဒ) စသည့် မူဝါဒများ၏ ဆုံမှတ်တွင်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် နှစ်ပေါင်းများစွာကတည်းက ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ပြည်သူချင်းဆက်ဆံရေးများရှိခဲ့သည့် ယုံကြည်ရသည့် အိမ်နီးချင်းမိတ်ဖက်နိုင်ငံအဖြစ် မြန်မာနိုင်ငံဘက်က အမြဲတမ်းရပ်တည်ခဲ့ကြောင်း အိန္ဒိယသံအမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်းမြေနယ်နိမိတ် ၁,၆၄၃ ကီလိုမီတာ၊ ရေကြောင်းနယ်နိမိတ် ၁,၀၆၀ ကီလိုမီတာ ထိစပ်နေသည့်အတွက် မြန်မာနိုင်ငံက ပဋိပက္ခသည် အိန္ဒိယကို တိုက်ရိုက်သက်ရောက်မှုရှိကြောင်း အိန္ဒိယသံအမတ်ကြီးက ပြောကြားသည်။
“ဒါကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်စဲပြီး ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းထားနိုင်ရေးဟာ ကျွန်တော်တို့အတွက် အင်မတန်မှကို အရေးပါပါတယ်” ဟု အိန္ဒိယသံအမတ်ကြီးက ပြောကြားသည်။
ထို့အပြင် အိန္ဒိယသံမတ်ကြီးက နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့ရာတွင် လက်တွေ့မကျသည့် ကြိုတင်သတ်မှတ်များမထားဘဲ NCA မှတစ်ဆင့် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးမှုများ၊ အမြင်ချင်းဖလှယ်မှုများကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီသမ္မတနိုင်ငံဆိုသည့် ပန်းတိုင်သည် လွတ်လပ်မျှတပြီး ဖက်ဒရယ်စနစ်နှင့် အားလုံးပါဝင်ကာ ယုံကြည်ရသည့် ဒီမိုကရေစီလုပ်ငန်းစဉ်အပေါ် အခြေခံပြီး အပေးအယူစိတ်ဓာတ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ ညှိနှိုင်းမှုများမှတစ်ဆင့် အကောင်အထည်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
