၁၆. ၁၀. ၂၀၂၅
Written by Hey Mar
ဆိုင်ကယ်နဲ့ လူနှစ်ဦးကို ယာဉ်တိုက်ပြေးလို့ နှစ်ဦးစလုံးသေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ-တာချီလိတ်သွားကားလမ်း အ.ထ.က(၄) ကျောင်းအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်ခံရသူ နှစ်ဦးက အသက် နှစ်ဆယ်ကျော် အမျိုးသားတွေဖြစ်ပြီး ဆိုင်ကယ်ပျက်လို့တွန်းလာစဉ် အခုလိုဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

ဖြစ်စဉ်ကိုနှလုံးလှပိုင်ရှင်များပရဟိတ အသင်းက လူမှုကွန်ရက်ပေါ်တင်ကာ သိရှိသူများဆက်သွယ်ပေးဖို့ အကူအညီတောင်းခံစဉ် သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာအောက်မှာ အဆိုပါလူငယ်နှစ်ဦးကို သိရှိသူက “ကားနဲ့ဆိုင်ကယ်တိုက်တာမဟုတ်ဘူး။ ဆိုင်ကယ်ပျက်လို့တွန်းလာတဲ့ သူတွေကို ကားကဝင်တိုက်တာ။ အတိုက်ခံရတဲ့ကလေးကကုန်ထမ်းတာ”လို့ ဝင်ရောက်မှတ်ချက်ပြုထားတာလည်း တွေ့ရပါတယ် ။
နောက်ထပ် အကောင့်တစ်ခုကလည်း “တိုက်သွားတဲ့ကားနဲ့က ကျွန်တော်နဲ့ရှေ့နောက်ဖြစ်မယ်။ ဆေးရုံနား ဆီပန့်မှာ ဆီထည့်ပြီး အထွက် အရမ်းမောင်းသွားတာတွေ့တယ်။ တံခါးလေးပေါက်ဘဲ။ ဖြစ်နိုင်ရင် အဲ့ဆီပန့်က CCTV ပြန်စစ်ကြည့်စေချင်တယ်။ ဟုတ်မဟုတ်တော့ သေချာမသိဘူး။ ဘာလို့လဲဆို အဲ့ကားမောင်းသွားပြီး ရှေ့ရောက်တော့ဆိုင်ကယ်ကမှောက်နေပြီမို့လို့” လို့ ဝင်ရောက်မှတ်ချက်ပြုထားပါတယ်။
ယာဉ်မှုစစ်နဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ လူမှုကူညီရေးအသင်းက ယာဉ်နဲ့ ကျိုင်းတုံပြည်သူ့ ဆေးရုံကြီး ရင်ခွဲရုံဆီ သယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
