◾️ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများမြင့်တက်လာခြင်း သို့မဟုတ် ထိန်းသိမ်းရခက်သည့် စည်းမဲ့ကမ်းမဲ့ အခြေအနေများ ပေါ်ပေါက်လာမည်ကိုတော့ မလိုလားကြောင်းပါ ပြောကြား

၁၆. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကတိကဝတ်များ ပေးအပ်ဆောင်ရွက်နေခြင်းကို တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ထောက်ခံကြောင်း NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေများ၏ ကိုယ်စားလှယ် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန H.E.Mr. Deng Xijiun က NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်ခမ်းအနားတွင် ပြောကြားသည်။
“မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို လိုအပ်နေပါတယ်။ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားရေးစည်းလုံးညီညွတ်မှုနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့်အပေါ် ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကတိကဝတ်များ ပေးအပ်ဆောင်ရွက်နေတာကိုလည်း ခိုင်ခိုင်မာမာ ထောက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခတွေမြင့်တက်လာတာ ဒါမှမဟုတ် ထိန်းသိမ်းရခက်တဲ့ စည်းမဲ့ကမ်းမဲ့အခြေအနေတွေ ပေါ်ပေါက်လာမှာကိုတော့ မလိုလားပါဘူး” ဟု Deng Xijiun က ပြောကြားသည်။

ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း မိမိတို့အနေဖြင့် နိုင်ငံတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်အတွက် စစ်ပွဲများအဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်နိုင်ရန် မြန်မာနိုင်ငံအစိုးရကို ကူညီပေးရေး ကတိကဝတ်ပြုခဲ့ကြောင်း Deng Xijiun က ပြောကြားသည်။
မကြာသေးမီနှစ်ကာလများအတွင်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ဆန္ဒအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန်၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန် တရုတ်နိုင်ငံအနေဖြင့် မြန်မာတပ်မတော်ကို ကူညီပေးခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း သက်ဆိုင်ရာနယ်မြေများ၏ တည်ငြိမ်ရေးနှင့်အခြေအနေ တိုးတက်ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း Deng Xijiun က ပြောကြားသည်။
“မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို အပြည့်အဝလေးစားသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများနဲ့ အကျိုးတော်ဆောင်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးရတဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ အသင့်ရှိနေကြောင်း ပြောကြားလိုပါတယ်” ဟု Deng Xijiun က ပြောကြားသည်။
