
၁၆ .၁၀.၂၀၂၅
Written by Hey Mar
နေပြည်တော်-ရန်ကုန်လမ်းမပိုင်း အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၁၈၃ မိုင် ၇ ဖာလုံနဲ့ ၁၈၄ မိုင်အကြားမှာ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်က အောက်တိုဘာ ၁၅ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အပိုင် နေပြည်တော်-ရန်ကုန် လမ်းမပိုင်း အမြန်လမ်းမကြီးပေါ်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ တော်ဝင်မန္တလာ ခရီးသည်တင်ယာဉ်ဟာ မိုင်တိုင်အမှတ် ၁၈၃ မိုင် ၇ ဖာလုံ နဲ့ ၁၈၄ မိုင် အကြားအရောက် အင်ဂျင်အပူလွန်ကဲရာက ဝါယာရှော့ဖြစ်ကာ အင်ဂျင်ခန်းက စတင်ပြီးယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၅)ဦးလိုက်ပါလာပြီး ယာဉ်မီးလောင်မှုကြောင့် ယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပေမယ့် ယာဉ်ကတော့ တစ်စီးလုံးမီးလောင်ကျွမ်းခဲ့ရာ အောက်တိုဘာ ၁၆ ရက်နေ့အကူး ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်မှာမှ သာဂရအမြန်လမ်းမကြီး မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်နှစ်စီးဖြင့် မီးငြိမ်းသတ်မှုကြောင့် မီးညွန့်ကျိုးကာ မီးလောင်ကျွမ်းမှုပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ယာဉ်တစ်စီးလုံးမီးလောင်ပျက်စီးကာ ခန့်မှန်းတန်ဖိုးကျပ် (၉၅၅)သိန်း ခန့်ဆုံးရှုံးခဲ့တယ်လို့ သိရှိရပြီး၊ မီးလောင်ကျွမ်းထားတဲ့ မော်တော်ယာဉ်ကို အမြန်လမ်း(ပြင်/ထိန်း)အဖွဲ့မှ ဘက်ဟိုးယာဉ်ဖြင့် လမ်းဘေးသို့သယ်ယူရွှေ့ပြောင်းပေးခဲ့ရာ မနက် တစ်နာရီ မိနစ် ၃၀ ခန့်အချိန်မှာ ယာဉ်ကြော ပြန်လည်ပွင့်ပြီး မော်တော်ယာဉ်တွေ ပုံမှန်လမ်းကြောင်းအတိုင်း သွားလာနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
ယာဉ်ကြံ့ခိုင်မှုကို ကြိုတင်စစ်ဆေးခြင်းမပြုဘဲ ပေါ့ဆစွာမောင်းနှင်မှုကြောင့် ယာဉ်လောင်ပျက်စီးဆုံးရှုံးစေခဲ့သူ ယာဉ်မောင်း ဦး …… (၃၃) နှစ် မန္တလေးပြည်ကြီးတံခွန်နေသူကိုလည်း သာဂရ ရဲစခန်းမှ (ပ)၇၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုရေး ရေးဖွင့်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
