◾️ NCA လမ်းကြောင်းမှ လှည့်ထွက်မသွားဘဲ ဆက်လက်အားထုတ်ကြိုးပမ်းရန်လိုပြီး အသိသက်သေ နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်သွားရန်ပါ တိုက်တွန်းပြောကြား
၁၆. ၁၀. ၂၀၂၅
Written by Nyein
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်း ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးက ယမန်နေ့က ပြုလုပ်သည့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
NCA သည် တစ်ခဏအတွင်း ရလာသည့်အောင်မြင်မှုတစ်ခု မဟုတ်ကြောင်း၊ အချိန်ယူပြီး အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်ခဲ့ရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းနှင့် ယင်းအချိန်က တစ်ဖက်ကိုတစ်ဖက် အနိုင်ယူရန်မဟုတ်ဘဲ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတည်ဆောက်ရန်အတွက် ဉာဏ်ပညာများ၊ သတ္တိများနှင့် ပေါင်းစည်းခဲ့ကြခြင်းဖြစ်ကြောင်း စောမူတူးစေးဖိုးက ပြောကြားသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်သည် အဆုံးမသတ်သေးကြောင်း၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်သေးလားဆိုသည်က သက်ဆိုင်သူအားလုံး၏ လက်ထဲရှိနေပြီး မိမိအနေဖြင့် တိုက်တွန်းလိုခြင်းက အပြန်အလှန်ယုံကြည်မှုတည်ဆောက်သည့် အစီအစဉ်များကို အမြန်ဆုံးလက်တွေ့ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း စောမူတူးစေးဖိုးက ပြောကြားသည်။
“ငြိမ်းချမ်းရေးဆိုတာ စာချုပ်ပေါ်မှာ လက်မှတ်ထိုးရုံသက်သက်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့အရာ မဟုတ်ပါ။ စစ်မှန်တဲ့စိတ်ဓာတ်နဲ့ ဆန္ဒတူညီမှသာ ပေါ်ပေါက်လာနိုင်တာပါ။ အဲဒါကြောင့် အနာဂတ်အတွက် NCA ကို အခြေခံတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့၊ ပြည်သူအတွက် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျမြင်ရအောင် အားထုတ်ဖို့လိုပါတယ်။ NCA ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အပေါ်အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု KNU ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် စောမူတူးစေးဖိုးက ပြောကြားသည်။
အဆိုပါ NCA လမ်းကြောင်းသည် အခက်အခဲရှိမည်ဆိုသည်မှာ အားလုံးသိကြသော်လည်း အရေးကြီးသည်က လှည့်ထွက်မသွားဘဲ ဆက်လက်အားထုတ်သွားကြရန်ဖြစ်ကြောင်း၊ လက်တွေ့အခြေအနေများနှင့်ကိုက်ညီပြီး သက်ဆိုင်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်မည့် NCA ကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှာဖွေဖော်ထုတ်သွားကြရမည်ဖြစ်ကြောင်း စောမူတူးစေးဖိုးက ပြောကြားသည်။
“ဒီလို ဆက်လက်အားထုတ်ကြိုးပမ်းတဲ့အခါမှာ NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍကို အလေးထားပြီး မြှင့်တင်ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်” ဟု KNU ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် စောမူတူးစေးဖိုးက ပြောကြားသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်းသည် မြန်မာနိုင်ငံသား တိုင်းရင်းသားအချင်းချင်းအကြား သံသယ၊ မယုံကြည်မှုများကို လျှော့ချနိုင်မည့် ခိုင်မာသည့်အခြေခံအုတ်မြစ်တစ်ခု ချနိုင်ခြင်းဖြစ်ကြောင်းနှင့် NCA သည် စစ်ပွဲများကြောင့် မည်းမှောင်နေသည့်အနေအထားမှ ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားသူ မြန်မာနိုင်ငံသားများအားလုံးအတွက် တောက်ပထွန်းလင်းသည့် အလင်းရောင်တစ်ခုဖြစ်ကြောင်း စောမူတူးစေးဖိုးက ဆက်လက် ပြောကြားသည်။
