
၁၆.၁၀.၂၀၂၅
Written By Min Thet
အရက်မူးပြီး သံလမ်းပေါ်အိပ်နေသည့် မြန်မာအလုပ်သမား ရထားကြိတ်ခံရပြီး သေဆုံးမှု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာလ ၁၄ ရက်မွန်းလွဲပိုင်းက မြန်မာအလုပ်သမားတစ်ဦး ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်၊ ထုံ့ဆုခလာကျေးရွာရှိ ရထားသံလမ်းပေါ် အရက်မူး အိပ်ပျော်နေစဉ် ရထားကြိတ်ခံ သေဆုံးခြင်းဖြစ်ကြောင်းလည်းသိရသည်။
သေဆုံးသူ မြန်မာအလုပ်သမားမှာ အသက် ၂၆ နှစ်အရွယ်ရှိ ကိုထက်ဆိုသူဖြစ်ပြီး သူအလုပ်လုပ်နေသည့် စက်ရုံအနီးက ရထားသံလမ်းပေါ် မူး၍ အိပ်ပျော်နေစဉ် ရထားကြိတ်ခံရခြင်းလည်းဖြစ်သည်။
ရထားမောင်းနှင်လာစဉ် ရထားသံလမ်းပေါ်၌ အရိပ်တစ်ခုကို တွေ့သောကြောင့် ဥသြဆွဲ၍ လည်းကောင်း၊ မီးများထိုး၍ လည်းကောင်း သတိပေးသော်လည်း အဆိုပါ သတိပေးမှုမှာ မအောင်မြင်ခဲ့ဘဲ ရထားတိုက်မိသွားခဲ့သည်။ ရထားတိုက်မိသည့်အတွက် ရထားမောင်းနှင်သည့် ထိုင်းနိုင်ငံသားက ဆင်းကြည့်ရာ လူတစ်ဦး၏ ဦးခေါင်းကို ရထားတက်ကြိတ်မိထားပြီး သေဆုံးနေသည်ကို တွေ့ရကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြကြသည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က သေဆုံးသည့် မြန်မာအလုပ်သမား နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
