◾️ ငြိမ်းချမ်းရေးကို လိုချင်သူများက ရသင့်ရထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သည်ကိုသာ တောင်းဆိုရမည်ဖြစ်သလို အခွင့်အရေးပေးရမည့်သူများကလည်း ဥပဒေစာအုပ်ကိုင်ပြီး ပုလိပ်စစ်စစ်နေမည်ဆိုပါက မဖြစ်နိုင်ကြောင်းပါ ထောက်ပြ

၁၆. ၁၀. ၂၀၂၅
Written by Nyein Kyaw
ငြိမ်းချမ်းရေးဆိုသည်မှာ စတင်ဆွေးနွေးချိန်ကတည်းက မည်သည့်အချိန်မှ မိမိဆန္ဒအတိုင်း ၁၀၀ ရာခိုင်နှုန်း မရရှိနိုင်ကြောင်းနှင့် ၁၀၀ ရာခိုင်နှုန်းရယူရန်ဆိုပါက အပြတ်ရှင်း၊ အပြုတ်ရှင်းနည်းသာရှိသည့်အတွက် အလျှော့အတင်းနှင့် အမှန်တကယ် ငြိမ်းချမ်းလိုသည့်ဆန္ဒဖြင့် သွားရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က ကျင်းပသည့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
“အမြဲတမ်းတွေ့ဆုံဖို့ အမြဲတမ်းဆွေးနွေးဖို့ အောင်မြင်တဲ့ အကောင်အထည်ဖော်နိုင်ဖို့ ဆိုတာသည် ငြိမ်းချမ်းရေးဆိုတာ စတင်ဆွေးနွေးကတည်းကအတိုင်းတော့ ဘယ်သောအခါမှ ၁၀၀ ရာခိုင်နှုန်း မိမိလိုအင်ဆန္ဒမရနိုင်ဘူး။ ၁၀၀ ရာခိုင်နှုန်းရဖို့ဆိုရင်တော့ အပြတ်ရှင်း ၊ အပြုတ်ရှင်းနည်းပဲ ရှိတယ်။ ဒါနဲ့တင် နှစ်ပေါင်းဘယ်လောက်ကြာပြီလဲဆိုတာလည်း ကျွန်တော်တို့ တွေ့နိုင်တာဖြစ်တယ်”ဟု ယင်းက ဆိုသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်သည့်အချိန်တွင် အဆိုပါ ငြိမ်းချမ်းရေး အခွင့်အရေးကို လိုချင်သည့်သူများကလည်း ရသင့်ရထိုက်သည်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည်ကို တောင်းဆိုရမည်ဖြစ်သလို အခွင့်အရေးပေးရမည့်သူများကလည်း ဥပဒေစာအုပ်ကိုကိုင်ပြီး ပုလိပ်စစ်စစ်နေမည်ဆိုပါက မဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဥပဒေစာအုပ်ကို လှန်ကြည့်ပြီး ဒါနဲ့မညီဘူး၊ ဟိုဟာနဲ့ မညီဘူးဆိုပြီး ပုလိပ်စစ်စစ်နေလို့ကတော့ မဖြစ်နိုင်ဘူး။ ဒါတွေသည် အလျှော့အတင်းနဲ့၊ တကယ့်ကို ငြိမ်းချမ်းလိုတဲ့ ဆန္ဒနဲ့သွားမှဖြစ်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) အဖွဲ့အစည်းများ ရှိနေသည့် ကာလတစ်လျှောက်လုံး NCA စာချုပ်၊ NCA ၏ ကတိပြုချက်သည် ရှိနေမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီ NCA စာချုပ်သည် နိုင်ငံတကာ အသိသက်သေတွေရှေ့မှာ အားလုံးက EAO တွေရဲ့ သဘောတူညီချက်ပေါ့နော်၊ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သူတို့ပြောသလိုပဲ NCA စာချုပ်က စက္ကူစုတ်တစ်ခုဖြစ်သွားစရာလည်း အကြောင်းမရှိဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
