၁၅. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ နခွန်ဆီသမ္မာရတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ယနေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဘုန်းကြီးတစ်ပါးသည် မိဘများကို စိတ်ဒုက္ခပေးမိသည့်အတွက် တောင်းပန်သည့် နှုတ်ဆက်စာတစ်စောင် ချန်ရစ်ကာ ကျောင်းတိုက်အတွင်း ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ(ဆွဲကြိုးချ) သေဆုံးခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အသက် ၃၉ နှစ်အရွယ် ထိုပုဂ္ဂိုလ်သည် ရဟန်းမဖြစ်မီက ဒေသခံတစ်ဦးဖြစ်ပြီး ၎င်းနေထိုင်ရာ ကျောင်းဆောင်နံရံရှိ သံတန်းတစ်ခုတွင် လည်ပင်းမှ ကြိုးဆွဲချလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
မိသားစုထံသို့ ရည်ရွယ်ရေးသားထားသော လက်ရေးစာတွင် မိဘများနှင့် ဆွေမျိုးများကို စိတ်ဆင်းရဲစေသည့်အတွက် တောင်းပန်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် မိခင်ဖြစ်သူ စိတ်ထိခိုက်မည်ကို မလိုချင်ကြောင်းနှင့် အပြစ်အားလုံးသည် သူ့တွင်သာ ရှိကြောင်းလည်း ထိုစာ၌ ရေးသားထားသည်။
ဖြစ်ရပ်တွင် နံနက်စာ ဆွမ်းဘုန်းပေးချိန် ၎င်းပျောက်ဆုံးနေသည်ကို အခြားဘုန်းကြီးများက သတိပြုမိကြောင်း စုံစမ်းစစ်ဆေးသူများထံ ထွက်ဆိုခဲ့သည်။ ထို့ကြောင့် ၎င်း၏ ကျောင်းဆောင်ကို စစ်ဆေးရာမှ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က သေဆုံးသည့်ရဟန်းတွင် ရုန်းကန်ရသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသဖြင့် ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်ခြင်း ဖြစ်နိုင်သည်ဟု ကနဦး ကောက်ချက်ချထားသည်။ ၎င်း၏ မိသားစုကလည်း သေဆုံးမှုအပေါ် သံသယမရှိကြောင်း ပြောကြားခဲ့သည်။
သက်ဆိုင်ရာက ဓမ္မတာအတိုင်းသေဆုံးမှုဟုတ်မဟုတ် စစ်ဆေးမှုပြီးနောက် ရုပ်အလောင်းကို ဘာသာရေးအရ ဈာပနအခမ်းအနားများ ပြုလုပ်ရန်အတွက် ဆွေမျိုးများထံ
လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ သို့သော် သေဆုံးသူ၏ အမည် သို့မဟုတ် အခြားအသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိပေ။
Ref, Bangkok Post
