၁၅. ၁၀. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများ ယခုအောက်တိုဘာ ၂၈ ရက်မှစတင်၍ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၁၃၄/၂၀၂၅) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်အတည်ပြု ကြေညာထားသည့် နိုင်ငံရေးပါတီကိုယ်စားပြု မဲအများဆုံးရသူအနိုင်ယူစနစ် ကိုယ်စားလှယ်လောင်းများ၊ အချိုးကျကိုယ်စားပြုစနစ် ကိုယ်စားလှယ်လောင်းများ သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိစေရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၀-က နှင့် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ အခန်း (၁၀) တို့တွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများသည် လွတ်လပ်၍ တရားမျှတပြီး အေးချမ်းတည်ငြိမ်သည့် ရွေးကောက်ပွဲများ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန် ဖော်ပြထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီမှ ဒီဇင်ဘာလ ၂၆ ရက် ည ၁၂ နာရီအထိ ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။
