
၁၅.၁၀.၂၀၂၅
Written by Hey Mar
ထိုင်းနိုင်ငံက ကြေးအဟောင်းဖြုတ်တဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး အလုပ်ဆင်းချိန် ကြေးပိုက်တချို့ အိတ်ထဲထည့် ခိုးယူလာတာကို စစ်ဆေးစဉ် ဖမ်းမိသွားတဲ့အတွက် ဝိုင်းဝန်းထိုးကြိတ်ခံရတာကြောင့် စက်ရုံမှာ အလုပ်အတူ လုပ်ကိုင်နေကြတဲ့ မြန်မာအသိုင်းအဝိုင်းက ဥပဒေအရ မဆောင်ရွက်ဘဲ အခုလို ထိုးကြိတ်တဲ့အပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဖြစ်စဉ် မနေ့က အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ငါးနာရီကျော် အချိန်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာလုပ်သားအရေး အကူအညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် Worker Alliance Group (WAG) ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ နာဟုန်ရင်ရပ်ကွက်ရှိ ကြေးအဟောင်းဖြုတ်တဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ (CI) ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမား ကိုဇော်မိုးဟာ စက်ရုံမှာ အလုပ်လုပ်ကိုင်နေတာ ခုနစ်လကျော်ရှိပြီလို့ဆိုပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ညနေအလုပ်ပြန်ချိန် ၅ နာရီအချိန်မှာ စက်ရုံဂိတ်လုံခြုံရေးက ကိုဇော်မိုးရဲ့အိတ်ကိုစစ်ဆေးရာ လွယ်အိတ်ထဲမှ ကြေးပိုက်တချို့ဖမ်းမိခဲ့တာကြောင့် စက်ရုံလုံခြုံရေးက ကိုဇော်မိုးကို ဂုတ်ကဆွဲကာ ထိုးကြိတ်တယ်လို့ ဆိုပါတယ်။ လုံခြုံရေးကထိုးနေတာကိုမြင်ပြီး စက်ရုံမှတရုတ်လူမျိုး နှစ်ဦးနဲ့ တရုတ်လူမျိုးတွေရဲ့မိတ်ဆွေဖြစ်ပြီး စက်ရုံက မဟုတ်တဲ့ တရုတ်လူမျိုး နောက်ထပ် တစ်ဦးကပါ လုံခြုံရေးနဲ့အတူ စက်ရုံဂိတ်ပေါက်မှာ မြန်မာအလုပ်သမား ကိုဇော်မိုးကို ဝိုင်းဝန်းထိုးကြိတ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို ကိုဇော်မိုးအားဝိုင်းထိုးကြိတ်ကြပြီးနောက် သံကြိုးနဲ့ တုပ်ထားပြီး သံတုံးတွေကို လည်ပင်းမှာ ဆွဲထားတယ်လို့ စက်ရုံရဲ့ မြန်မာလုပ်သားအသိုင်းအဝိုင်းက WAG ထံ ပြောဆိုအကြောင်းကြားကြပြီး အလုပ်သမားတွေက ကိုဇော်မိုးကို ပစ္စည်းနဲ့အတူဖမ်းမိတာမို့ ရဲစခန်းတန်းပို့လို့ရရက်နဲ့ တန်းမပို့ဘဲ ဝိုင်းဝန်းနှိပ်စက်တာကို မကျေနပ်တာကြောင့် ဆန္ဒပြရာ ညနေ ၆ နာရီအချိန်မှာ ရဲစခန်းကတာဝန်ရှိသူတွေ ရောက်ရှိလာပြီး ကိုဇော်မိုးနဲ့အတူ စက်ရုံမှလုံခြုံရေးနဲ့ တရုတ်လူမျိုး နှစ်ဦးကိုပါ စခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Worker Alliance Group (WAG) မှ တာဝန်ရှိသူက “အလုပ်သမားတွေက တရားဥပဒေနဲအညီ မဖြေရှင်းပေးဘဲ ညှင်းပန်းနှိပ်စက်လို့ တရားမျှတမှုရအောင် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံလာလို့ လိုက်ပါဆောင်ရွက်ပေးနေပါတယ်။ ကိုယ့်မြန်မာနိုင်ငံသား မှားတာ လက်ခံတယ်။ သူ့ဥပဒေနဲ့ သူရှိပြီးသားမှာ ဒီလို ညှင်းပန်းခွင့်၊ လုပ်ခွင့် မရှိဘူး။ အခု လက်ရှိ ထိုင်းနိုင်ငံရဲ့ ဥပဒေအရလည်း ကိုဇော်မိုးက ဖမ်းချုပ်ခံထားရပြီ။ ထိုင်းနိုင်ငံမှာက ခိုးတာကို သူတို့လုံးဝ မကြိုက်ဘူး။ ဥပဒေအရလည်း ကိုဇော်မိုးက ထောင် သုံးနှစ်ကနေ ငါးနှစ်အထိ ကျခံရနိုင်တယ်” လို့ MT News ကို ပြောပါတယ်။

မြန်မာလုပ်သားကိုဇော်မိုးကို ထိုးကြိတ်တဲ့ တရုတ်လူမျိုး စက်ရုံပိုင်ရှင် နှစ်ဦးကိုလည်း အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်နေပြီး ဒဏ်ရာတွေကို ဆေးရုံမှာ ဆေးစစ်ချက် ရယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ခိုးမှုနဲ့ ထိုးကြိတ်လို့ နာကျင်စေမှုက သက်သက်စီ ဖြစ်ပြီး ဆေးရုံက ဆေးစစ်ချက်ရဖို့ လူနာဖြစ်သူကို တစ်ပတ်စောင့်ကြည့်ရမယ်လို့လည်း သိရပါတယ်။
