၁၅.၁၀.၂၀၂၅
Translated by Htwe Ko Tun
မဒါဂတ်စကာနိုင်ငံမှာ သမ္မတ အန်ဒရီ ရာဂျိုလီနာ အနေနဲ့ အောက်တိုဘာလ ၁၂ ရက်မှာ တာဝန်ကိုစွန့်ပြီး နိုင်ငံမှ ထွက်ခွာပြေးခဲ့တာအတွက် အမျိုးသားလွှတ်တော်က သမ္မတ ရာဂျိုလီနာကို ပြစ်တင်ရှုတ်ချတယ်လို့ မဲခွဲဆုံးဖြတ်ပြီးနောက် မိနစ်ပိုင်းအကြာမှာပဲ မဒါဂတ်စကာ စစ်တပ်ရဲ့ CAPSAT တပ်ဖွဲ့တွေ အကြီးအကဲ ဗိုလ်မှူးကြီး မစ်ချေးလ် ရန်းရီယာ နီရီနာက စစ်တပ်က နိုင်ငံရဲ့ အာဏာသိမ်းခဲ့တယ်လို့ အောက်တိုဘာလ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
CAPSAT တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး မစ်ချေးလ် ရန်းရီယာ နီရီနာက အစိုးရအဆောက်အအုံတစ်ခုရှေ့မှာ ကြေညာချက်ကိုဖတ်ပြရာမှာ စစ်တပ်အနေနဲ့ နိုင်ငံအာဏာကို ရယူထားလိုက်ပါပြီလို့ ပြောကြားခဲ့ပါတယ်။


စစ်တပ်က အာဏာရယူကြောင်း မကြေညာမီ မိနစ်ပိုင်းအလိုမှာပဲ သမ္မတ ရာဂျိုလီနာကို ပြစ်တင်ရှုတ်ချတယ်လို့ မဲခွဲဆုံးဖြတ်ခဲ့တဲ့ အောက်လွှတ်တော်ကလွဲလို့ မဒါဂတ်စကာ စစ်တပ်က အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းတယ်လို့ ဗိုလ်မှူးကြီး မစ်ချေးလ်က ပြောကြားခဲ့ပါတယ်။
ရာဂျိုလီနာက ကျွန်းနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် ရာထူးမှစွန့်ပြေးခဲ့ရတဲ့ သူ့ကို အတိုက်အခံတွေဦးဆောင်ပြီး ရှုတ်ချတယ်လို့.မဲခွဲဆုံးဖြတ်မှုလုပ်လာမှာကို တားဆီးဖို့ ကြိုတင်လက်ဦးမှုယူကြိုးပမ်းတဲ့အနေနဲ့ အမျိုးသားလွှတ်တော်ကို အောက်တိုဘာလ ၁၄ ရက်အစောပိုင်းမှာ ဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့ပါတယ်။
ရာဂျိုလီနာဟာ နှစ်ပတ်ကျော် လူအသေအပျောက်များတဲ့ လမ်းပေါ်ဆန္ဒပြတိုက်ပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အများစုက Gen-Z လူငယ်တွေ ဦးဆောင်ကြကာ ဆန္ဒပြသူတွေက ရေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် အာဏာရအထက်တန်းလွှာများကို ဒေါသတကြီး ဆန္ဒပြခဲ့ကြတာပါ။ဒီဆန္ဒပြပွဲတွေက နောက်ဆုံးမှာတော အသက် ၅၁ နှစ်အရွယ် သမ္မတ ရာဂျိုလီနာကို ပုန်းအောင်းနေရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
“ရေဒီယိုနဲ့ ဒါမှမဟုတ် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်တဲ့ ပါလီမန်ကို ဖျက်သိမ်းသည့်အမိန့်က ချက်ချင်း အသက်ဝင်လိမ့်မယ်” လို့ ရာဂျိုလီနာက Facebook မှာ ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။ ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုမှုတွေကို ဖီဆန်ခဲ့တဲ့ ရာဂျိုလီနာက “ကျွန်ုပ်တို့ရဲ့နိုင်ငံအတွင်း ငြိမ်ဝပ်ပ်ပြားမှု ပြန်လည်တည်ဆောက်ဖို့နဲ့ ဒီမိုကရေစီကို ခိုင်မာစေဖို့ လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်မယ်” လို့ ဆန္ဒပြမှုတွေအပေါ်နှိမ်နင်းမှုတွေကို ကာကွယ်ပြောဆိုခဲ့တာပါ။
သမ္မတ ရာဂျိုလီနာ နိုင်ငံက ထွက်ခွာပြေးခဲ့ပြီးတဲ့နောက် အတိုက်အခံခေါင်းဆောင် ဆိုက်နီ ရန်ဒရီယာနာ ဆိုလိုနီအေကိုက သမ္မတကို ရာထူးစွန့်ပြီး နိုင်ငံမှထွက်ပြေးလို့ ပြစ်တင်ရှုတ်ချဖို့ မဲခွဲဆုံးဖြတ်မယ်လို့ အောက်တိုဘာလ ၁၃ ရက်မှာ ပြောခဲ့တာပါ။
မြို့တော် အန်တာနာ နာရီဗိုရဲ့ မြို့တော်ဝန်ဟောင်းလည်းဖြစ်တဲ့ ရာဂျိုလီနာက သူ့အနေနဲ့ အသက်အန္တရာယ်ရှိလို့ လုံခြုံစိတ်ချရတဲ့ နေရာမှာ ခိုအောင်းနေတာလို့ အောက်တိုဘာလ ၁၃ ရက် ညနေက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နေရာလို့ မပြောခဲ့ပါဘူး။
ရာဂျိုလီနာဟာ ပြင်သစ်စစ်လေယာဉ်တစ်စီးနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် မဒါဂတ်စကာမှ ထွက်ခွာသွားခဲ့တယ်လို့ Radio France Internationale က ဖော်ပြခဲ့ပါတယ်။
Ref-France 24
