◾️ NCA အခမ်းအနား တက်ရောက်လာသည့် ကိုယ်စားလှယ်အားလုံးလည်း ကျောင်းနေခဲ့သူများဖြစ်၍ သားသမီးချင်း၊ ကျောင်းသားချင်း၊ မိဘချင်းစာနာရန် လိုကြောင်းပါ ပြောကြား
၁၅. ၁၀. ၂၀၂၅
Written by Nyein Kyaw
ပြန်လည်ထိန်းချုပ်နိုင်သည့် မြို့များတွင် ကျောင်းများချက်ချင်းဖွင့်လှစ်ရန်နှင့် အထူးသဖြင့် အစိုးရစစ်မဟုတ်သည့် ကျောင်းစစ်စာသင်တန်းများကို ကျောင်းပြန်တက်ခိုင်းပြီး စာမေးပွဲဖြေဆိုနိုင်အောင် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
“အခုတတ်နိုင်သမျှ ကျွန်တော်တို့ ကျောင်းတွေဖွင့်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်မဲကို ပြန်ပြီးထိန်းချုပ်နိုင်တဲ့အခါမှာ ကျွန်တော်ချက်ချင်းပြောတာပဲ။ ကျောင်းတွေရအောင်ဖွင့်ပါ။ ကလေးတွေ အစိုးရစစ်ကျောင်းအတွက်က ငါမပြောဘူးကွာလို့။ ကျောင်းစစ်တွေရှိတယ်။ ကျောင်းစစ်တွေမှာတော့ စနေ၊ တနင်္ဂနွေမှာ ရအောင်သင်ပေး။ သင်ပေးပြီးရင် သင်ပြီးသလောက်ကို စာမေးပွဲစစ်ပေးလိုက်၊ နောက်ပြီး စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာလည်း ပြန်တက်ခိုင်း။ နွေရာသီကျောင်းပိတ်ရက်မှာလည်း ကျောင်းပြန်တက်ခိုင်း။ ကျန်ခဲ့တဲ့ဘာသာရပ်တွေပြန်လုပ် ပြန်လုပ်ပြီးရင်း အဲဒီမှာတစ်ခါ စာမေးပွဲတစ်ခါပြန်စစ်။ ဒီလိုနဲ့ ကလေးတွေမဆုံးရှုံးအောင် သူတို့တွေ တစ်နှစ်ဆုံးရှုံးမှုဆိုတာ တော်တော်လေး ကြီးမားပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။




လက်ရှိတွင် တည်ငြိမ်အေးချမ်းမှုမရှိသေးသည့် ဒေသများတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် အခက်အခဲရှိနေသည့်အခြေအနေဖြစ်သည်။ ထို့ကြောင့် NCA (၁၀) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်ကြီးများအနေဖြင့်လည်း သားသမီးချင်း၊ မိဘချင်း စာနာထောက်ထားရန်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ဒီမှာတက်ရောက်လာတဲ့ ကိုယ်စားလှယ်အားလုံးလည်း ကျောင်းနေခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ သားသမီးချင်း၊ ကျောင်းသားချင်းပေါ့။ မိဘချင်းစာနာဖို့ လိုပါတယ်။ ဒါကြောင့်မို့ သူတို့အနေနဲ့ ပညာတတ်တွေ၊ ပညာတွေမကျန်ခဲ့ရအောင် ကျွန်တော် တတ်နိုင်သလောက် ဆောင်ရွက်ပေးပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် အကြောင်းမျိုးအမျိုးကြောင့် ပိတ်ခဲ့ရသည့် တက္ကသိုလ်များ၊ ကောလိပ်များကိုလည်း တတ်နိုင်သမျှဖွင့်ခိုင်းပြီး ပျက်စီးသွားသည့်ကျောင်းများကို မြန်မြန်ပြန်လည်ပြင်ဆင်ပြီး ယခုနှစ်တွင် လွိုင်ကော်တက္ကသိုလ် ဖွင့်လှစ်ရန်ဆောင်ရွက်နေကာ လာမည့်ပညာသင်နှစ်တွင် ကျန်သည့်တက္ကသိုလ်များ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“အလားတူစွာပဲ တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာလည်း အကြောင်းမျိုးမျိုးကြောင့် ပိတ်ရတဲ့ကျောင်းတွေရှိတယ်။ တတ်နိုင်သလောက်ဖွင့်ခိုင်းပါတယ်။ ပျက်စီးသွားတဲ့ကျောင်းတွေ၊ စောစောက ခင်ဗျားတို့ ဘုတ်တွေမှာပြထားတဲ့ ပုံတွေမှာတွေ့ပါလိမ့်မယ်။ ဒါတွေလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေအများကြီးဖြစ်ပါတယ်။ ဒါတွေလည်း တတ်နိုင်သလောက်ပြင်ပါ။ မြန်မြန်ပြင် မြန်မြန်ပြီးတော့ လာမယ့် ပညာသင်နှစ်၊ ဒီနှစ်ဆိုရင်လည်း လွိုင်ကော်တက္ကသိုလ်ကို ဖွင့်ဖို့လုပ်ထားပါတယ်။ လာမယ့်နှစ်ဆိုလို့ရှိရင် ကျန်တဲ့တက္ကသိုလ်တွေ ဖွင့်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
