သက်တန့်
၁၅. ၁၀. ၂၀၂၅ထိုင်းနိုင်ငံ၊ တက့်ခ်ပြည်နယ်တွင် ထိုင်းဆယ်ကျော်သက်မိန်းကလေးငယ်နှစ်ဦးကို တရုတ်နိုင်ငံသားများအတွက် လိင်ဖျော်ဖြေမှုပေးရန် မြန်မာဘက်ခြမ်းရှိ ကာရာအိုကေဘားသို့ လူကုန်ကူးခဲ့သည့် အသက် ၅၉ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရသည်။
သံသယတရားခံကို အန်နီဖော့ဟုသာ ဖော်ပြထားပြီး နာမည် အပြည့်အစုံကို မဖော်ပြသေးပေ။ အန်နီဖော့ကို ဖမ်းဆီးရသည့်ဖြစ်စဥ်အပေါ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဌာန၏ တပ်မှူး ရဲမှူးချုပ် ဝိသယာ စရီပယာဆက်ဖတ်က ယနေ့ ပြောကြားရာတွင် အန်နီဖော့အား လူကုန်ကူးမှုနှင့် အသက် ၁၅ နှစ်အောက် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတို့ဖြင့် စွဲချက်နှစ်ခုဖြင့် ဖမ်းဆီးထားသည်ဟု ပြောကြားခဲ့သည်။
အန်နီဖော့အား မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော တက့်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်အတွင်းရှိ လမ်းတစ်လမ်းပေါ်တွင် သက်ဆိုင်ရာတရားရုံး၏ ဖမ်းဝရမ်းဖြင့် ရဲတပ်ဖွဲ့ဝင်များက တနင်္လာနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အန်နီဖော့အား မြန်မာနိုင်ငံရှိ ကာရာအိုကေဘားတစ်ခုတွင် အလုပ်လုပ်ရန် သွေးဆောင်ခံခဲ့ရသော အသက် ၁၃ နှစ်နှင့် ၁၄ နှစ်အရွယ် မိန်းကလေးနှစ်ဦး၏ အုပ်ထိန်းသူများက အမှုဖွင့်လှစ်ထားသည်။ တိုင်ကြားသူများ၏ စွဲဆိုချက်အရ လူကုန်ကူးခံရသူ ထိုင်းမိန်းကလေးငယ်နှစ်ဦးမှာ နေ့စဉ့် ည ၈ နာရီမှ နံနက် ၃ နာရီအထိ တရုတ်နိုင်ငံသားများအတွက် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ရန် ခိုင်းစေခံခဲ့ရသည်ဟု ရဲမှူးချုပ် ဝိသယာက ပြန်လည် ပြောကြားသည်။
ထိုမိန်းကလေးငယ်နှစ်ဦး ပြန်လွတ်ရန် တစ်ဦးအတွက် ဘတ် ၈၀၀၀ ပေးရမည်ဟု အန်နီဖော့က ပြောခဲ့ကြောင်း၊ မိန်းကလေးနှစ်ဦး၏ မိဘများက လိင်၀န်ဆောင်မှုပေးသော မြန်မာဘက်ခြမ်းမှ ကာရာအိုကေဘားသို့ ငွေလွှဲပြောင်းပေးခဲ့ပြီး မိန်းကလေးများ အိမ်သို့ လုံခြုံစွာ ပြန်လည် ရောက်ရှိပြီးမှသာ ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်း ရဲမှူးချုပ် ဝိသယာက ပြောခဲ့သည်။
အန်နီဖော့သည် ကနဦးတွင် စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး လူကုန်ကူးမှုကွန်ရက်တွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ထွက်ဆိုခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့ကမူ ၎င်းတို့တွင် လုံလောက်သော ရှင်းလင်းသည့် သက်သေအထောက်အထားများ ရှိပြီး စွဲချက်တင်သွားမည်ဟု ပြင်းပြင်းထန်ထန် ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများမှာ ဆက်လက်လုပ်ဆောင်နေဆဲသာဖြစ်ကြောင်း ရဲမှူးချုပ် ဝိသယာက ဆက်လက်ပြောကြားခဲ့သည်။
Ref, Bangkok Post

